စဉ့်ကူးမြို့ကို တော်လှန်ရေးတပ်များတိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင်များက အချုပ်သားများကိုထားကာ ထွက်ပြေး

စဉ့်ကူးမြို့ကို တော်လှန်ရေးတပ်များတိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင်များက အချုပ်သားများကိုထားကာ ထွက်ပြေး

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင်များက စဉ့်ကူးရဲစခန်းရှိ အချုပ်သားများအား သော့ခတ်ထားရစ်ကာ ထွက်ပြေးကြောင်း သိရသည်။

စဉ့်ကူးတွင်တိုက်ပွဲဖြစ်စဉ် အချုပ်သားများကို လက်ထိပ်ခပ်ပြီး မခေါက်ရွာသို့ (၇)ရက်ပို့ထားကာ လက်ထိပ်ခတ်လျက် အိပ်ခဲ့ရသည်ဟု ပြန်လွတ်လာသူတစ်ဦးက ဆိုသည်။

"ကျွန်မနဲ့အတူ အချုပ်သား မိန်းကလေးပါတယ်။ အမျိုးသား (၆)ဦးပါတယ်။ (၇)ရက်မြောက်နေ့မှာ မခေါက်ရွာကနေ စဉ်ကူးအချုပ်ကို ပြန်ပို့တယ်။ စဉ်ကူးအချုပ် ပြန်ရောက်လို့ (၃)ရက်မြောက်မှာ တိုက်ပွဲပြန်ဖြစ်တယ်။ စဉ့်ကူးရဲစခန်းကရဲတွေ အကုန်ထွက်ပြေးကြတယ်။ ကျွန်မတို့အချုပ်သားတွေကို သော့ခတ်ပြီး ပစ်ထားခဲ့ပါတယ်။ ထမင်း (၂)ရက်မစားရဘူး။"ဟု ပြန်လွတ်လာသည့် အဆိုတော် တသသ က ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

တိုက်ပွဲများဖြစ်ပွားစဥ် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များက အချုပ်ခန်းသော့ကို ရိုက်ဖျက်၍ ကယ်ထုတ်ပေးခဲ့ကြသည်ဟု ဆိုသည်။

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကာ စစ်ကောင်စီတပ်သား (၁၀၀)ဝန်းကျင်ကို ဖမ်းဆီးရမိကြောင်း တော်လှန်ရေးတပ်များထံမှ သိရသည်။

စဉ့်ကူးမြို့နယ်ကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားရာ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲဖျက်ဆီးနေပြီး နေအိမ်များလည်း ပျက်စီးကြောင်း သိရသည်။

“စဉ့်ကူးတစ်မြို့နယ်လုံးမှာ (၃)နေရာတော့ ကျန်သေးတယ်။ မြို့တွင်းကိုတော့ ထိန်းချုပ်ထားနိုင်ပြီ။ ဒေသခံတွေကိုတော့ ပြန်မဝင်ခိုင်းသေးဘူး။ စစ်ကောင်စီတပ်က ဆက်တိုက်ဗုံးကြဲနေလို့။”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။

တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ရန်ကျန်ရှိနေသည့်နေရာများမှာ ချောင်းကြီးရွာရှိ ချောင်းကြီးရဲစခန်း၊ ထုံးကြီးရွာရှိ ထုံးကြီးရဲစခန်းနှင့် ရွာသာယာရွာ ပျူစောထီးစခန်းတို့ဖြစ်ပြီး ကျန်ရှိနေရာများအားလုံးကို သိမ်းပိုက်ထားပြီးဖြစ်သည်ဟု သိရသည်။

စဉ့်ကူးနှင့် မတ္တရာမြို့နယ်ရှိ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ပြီးခဲ့သည့် ဇွန်လက စတင်၍ တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်စခန်း(၃၀)ကျော်ကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့ခြင်းဖြစ်သည်။

စဉ့်ကူးမြို့နယ်သည် မန္တလေးမြို့နှင့် မိုင်(၄၀)ဝန်းကျင်ဝေးပြီး ပျူစောထီးအများဆုံးထွက်ရှိရာ ဒေသတစ်ခုလည်းဖြစ်သည်။

#TachileikNewsAgency