ပူးတွဲသဘောထားထုတ်ပြန်ခဲ့သည့်အဖွဲ့များ ရှင်းလင်းချက်ထုတ်ပြန်ပေးရန် AA တောင်းဆို

ပူးတွဲသဘောထားထုတ်ပြန်ခဲ့သည့်အဖွဲ့များ ရှင်းလင်းချက်ထုတ်ပြန်ပေးရန် AA တောင်းဆို

ရခိုင်ပြည်နယ်မြောက်ဘက် အခြေအနေများနှင့်ပတ်သက်၍ ပူးတွဲသဘောထားထုတ်ပြန်ခဲ့သည့်အဖွဲ့အစည်းများ ကျိုးကြောင်းဆီလျော် သောရှင်းလင်းချက် (သို့မဟုတ်) ထုတ်ပြန်ချက်များ ဖော်ပြပေးကြရန် အာရက္ခတပ်တော်(AA)က ထုတ်ပြန်တောင်းဆိုလိုက်သည်။

စစ်ကောင်စီအား တော်လှန်နေကြသည့် တော်လှန်ရေးအင်အားစုများအပါအဝင် အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်တွင်းလုံခြုံရေးအခြေအနေကြောင့် အမည်မဖော်လိုသော အဖွဲ့အစည်း စုစုပေါင်း (၁၉၅)ဖွဲ့၏ ရက္ခိုင်ပြည်မြောက်ဘက် အခြေအနေများနှင့်ပတ်သက်၍ ပူးတွဲသဘောထားထုတ်ပြန်ချက်အပေါ်  AAက  ၂၀၂၄ ခုနှစ် မေလ(၂၄)ရက်နေ့တွင် ယင်းသို့ ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်ထဲတွင်ပါဝင်သော အဖွဲ့အစည်းများထဲမှ AA နှင့် ခင်မင်ရင်းနှီးသောအဖွဲ့အစည်းများအနေဖြင့် ကျိုးကြောင်းဆီလျော် သောရှင်းလင်းချက်(သို့မဟုတ်)ထုတ်ပြန်ချက်များကို အဖွဲ့အစည်းများ၏ ဆိုရှယ်မီဒီယာတွင်လည်းကောင်း၊ AA ၏ အီးမေလ်လိပ်စာသို့လည်းကောင်း ပေးပို့နိုင်ကြောင်း တောင်းဆိုထားသည်။

၎င်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ အခြေအနေအကျိုးအကြောင်းကို ရှင်းလင်းစွာမသိရှိဘဲ ဖော်ပြခြင်းခံခဲ့ရသော အဖွဲ့အစည်းများရှိပါက မည်သည့်အတွက်ကြောင့် ပါဝင်ခဲ့ရသည်များကို ရှင်းလင်းချက် ထုတ်ပြန်ပေးရန်လည်း တောင်းဆိုထားသည်။

သို့မှသာ ခင်မင်ရင်းနှီးသော အဖွဲ့အစည်းများ အချင်းချင်းကြားတွင် အပြန်အလှန်နားလည်မှုလွဲခြင်း၊ ယုံကြည်မှုပျက်ပြားခြင်း၊ စိတ်ဝမ်းကွဲမှုမျိုးဖြစ်ပွားခြင်းမှ ရှောင်ရှားနိုင်မည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

အမှန်တရားကို ရဲဝံ့စွာဖြင့် ပွင့်လင်းစွာပြောဆိုခြင်း၊ ထုတ်ပြန်ခြင်းဖြင့် အခြေအနေမှန်များကို တည့်မှန်နိုင်မည်ဖြစ်သည့်အပြင် အချင်းချင်းကြားတွင်ရှိကြသော ယုံကြည်မှု၊ နားလည်မှုများလည်း ပိုမိုမြှင့်မားလာမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: AA Info Desk