စစ်ကိုင်းတိုင်း ရွှေဘိုအကျဉ်းထောင်၌ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးအချုပ်ချထားသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ထံမှ သိရသည်။
ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများကို မိသားစုထံသို့ မပို့ဆောင်ဘဲ ထောင်ဗူးဝအထွက်တွင် ပြန်လည်ဖမ်းဆီးပြီး ရွှေဘိုမြို့မရဲစခန်းအတွင်း၌ ထပ်မံဖမ်းဆီးအချုပ်ချထားခြင်းဖြစ်သည်ဟု ဆိုသည်။
“ဘာပုဒ်မမှ ထပ်မစွဲဘဲနဲ့ ရဲစခန်းမှာ ထိန်းသိမ်းထားတဲ့ကိစ္စရပ်တွေဟာ လွတ်လာတဲ့သူတွေကို ရဲတပ်ဖွဲ့နဲ့ အကျဉ်းဦးစီး ပူးပေါင်းပြီးမှပေါ့လေ၊ စစ်တပ်အရာရှိတချို့ ပူးပေါင်းပြီးမှ လူကိုလိုချင် ငွေပေးမှရမယ်ဆိုတဲ့ ပြန်ပေးဆွဲတဲ့ပုံစံမျိုး ဖြစ်နေပါတယ်။ ဒါ့အပြင် လွတ်လပ်စွာ သွားလာခွင့် လူသားတိုင်းရရှိသင့်တဲ့အခွင့်အရေးကအစပေါ့နော် ဆုံးရှုံးလျှက်ရှိပါတယ်။ မိသားစုတွေနဲ့ တွေ့ဆုံခွင့်မရဘဲနဲ့ လက်ရှိမှာ ဆက်လက်အချုပ်ခံရတဲ့သူအရေအတွက် တဖြည်းဖြည်းများလာတယ်။”ဟု PPNM မှ ကိုသိုက်ထွန်းဦးက Tachileik News Agency ကို ပြောသည်။
စစ်ကောင်စီ၏ ပြန်ဖမ်းဆီးခံရသူအများစုမှာ အမျိုးသားများဖြစ်ပြီး မိသားစုဝင်များနှင့်လည်း အဆက်အသွယ်ဖြတ်ခံထားရသည်ဟုလည်း သိရသည်။
ယခုကဲ့သို့ ပြန်လည်ဖမ်းဆီးနေခြင်းအား ၂၀၂၄ခုနှစ် အောက်တိုဘာလမှစ၍ ပြုလုပ်နေခြင်းဖြစ်ပြီး ၂၀၂၅ ဇန်နဝါရီလအတွင်း လွတ်ရက်စေ့ပြီးနောက် ပြန်လည်ဖမ်းဆီးကာ မည်သည့်ပုဒ်မနှင့်မျှ မစွဲဆိုထားဘဲ မြို့မရဲစခန်းအတွင်း၌ အကျဉ်းချခံထားရသူ (၁၀)ဦးကျော်ရှိသည်ဟု သိရသည်။
မြို့မရဲစခန်းမှ စခန်းမှူးနှင့် တာဝန်ရှိသူများအနေဖြင့် ငွေကြေးတက်နိုင်သူများအား ငွေကြေးတောင်းခံပြီး ပြန်လွတ်ပေးသည့်ကိစ္စရပ်များကို စီးပွားရေးဆန်ဆန် ပြုလုပ်နေပြီး ငွေကြေးမတတ်နိုင်သူအများစုအား မြို့မရဲစခန်းအနီးရှိ စစ်တပ်တပ်စွဲထားသော မှန်သာဘုန်းကြီးကျောင်းအတွင်း ခေါ်ယူဖမ်းဆီးထားသည်ဟု သိရသည်။
၂၀၂၅ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများအပါအဝင် ကျန်လများ၌ လွတ်ရက်စေ့ပြီးနောက် လွတ်မြောက်လာကြမည့် နိုင်ငံရေးအကျဉ်းသားများစွာရှိနေပြီး အဆိုပါ ပြန်လွတ်လာမည့်သူများ အလားတူဖမ်းဆီးခံထားရနိုင်မှု အခြေအနေများဖြင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။
စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၁၃)ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း(၂၈၂၀၂)ဦးရှိပြီး ထိုအထဲမှ (၂၁,၄၉၃)ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၉၆၃)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ယမန်နေ့တွင် ဖော်ပြထားသည်။
#TachileikNewsAgency
#TNA_MAT