အပစ်ရပ်ရန် အခက်အခဲရှိဟု AA ပြော

အပစ်ရပ်ရန် အခက်အခဲရှိဟု AA ပြော

စစ်ကောင်စီနှင့် ဆွေးနွေးကာ အပစ်ရပ်ဖို့ အခက်အခဲရှိနေဆဲဖြစ်ကြောင်း အာရက္ခတပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ၂၀၂၄ ခုနှစ် ‌ဇွန်လ (၈)ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

တရုတ်နိုင်ငံက ရခိုင်ပြည်နယ်အတွင်း အပစ်ရပ်စဲစေလိုသော်လည်း AA ဘက်က တောင်းဆိုသည့် အရပ်သားများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုမလုပ်ရန်တောင်းဆိုချက်ကို စစ်ကောင်စီဘက်က လက်မခံသဖြင့် အပစ်ရပ်ရန် အခက်အခဲရှိကြောင်း AA ဘက်က ဆိုသည်။

"ပြည်သူလူထုတွေကို ပစ်မှတ်ထားပြီးမတိုက်ခိုက်ဖို့ ကျွန်တော်တို့အနေနဲ့ စစ်ကောင်စီကို ပြောခဲ့တယ်။ ဒါပေမယ့် ဒီကနေ့အချိန်ထိ ဆက်ပြီးတော့ဖြစ်နေပါတယ်။ ဒါက ရခိုင်တစ်ခုတည်းမှာတော့မဟုတ်ပါဘူး။ ကျွန်တော်တို့ AA နဲ့ တခြားစစ်မြေပြင်မှာလည်း ဆက်လက်ဖြစ်ပွားနေတယ်ဆိုတော့ ဒီအပစ်အခတ်ရပ်ဆဲဖို့ကိစ္စက အများကြီး အခက်အခဲရှိနိုင်ပါတယ်။"ဟု ဦးခိုင်သုခက ပြောသည်။

တရုတ်နိုင်ငံဘက်က စေ့စပ်မှုဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ညီနောင်(၃)ဖွဲ့နှင့် စစ်ကောင်စီတို့ ဆွေးနွေးပြီး ဟိုင်ဂင်သဘောတူညီချက်အရ အပစ်အခတ် ရပ်စဲခဲ့ကြသည်။

ထို့နည်းအတူ ရခိုင်ဒေသတွင်လည်း တရုတ်က အပစ်အခတ်ရပ်စဲရန်လိုလားပြီး ဟိုင်ဂင်ကာလကတည်းက အပစ်အခတ်ရပ်စဲရန် ပြောဆိုနေခြင်းဖြစ်သည်ဟု ဆိုသည်။

"ကျွန်တော်တို့ဘက်က အခုစစ်တိုက်နေရတယ်ဆိုပေမယ့် ကိုယ်တို့ရဲ့ ပြည်သူလူထုအကျိုးစီးပွားနဲ့ ရခိုင်ဒေသအကျိုးစီးပွားအပေါ်မှာ မူတည်ပြီးတော့ အမြဲတမ်း ချင့်ချိန်လုပ်ဆောင်နေရတာရှိပါတယ်။ ဘာဖြစ်နိုင်မလဲဆိုတာကတော့ အထူးသဖြင့် စစ်ကောင်စီရဲ့လုပ်ရပ် အပေါ်မှာသာ အများကြီးမူတည်ပါမယ်။"ဟု ၎င်းကဆက်ပြောသည်။

လက်ရှိတွင် AA သည် ရခိုင်ပြည်နယ်အတွင်း မြို့ပေါင်း(၈)မြို့ကို သိမ်းထားပြီး မောင်တောင်၊ သံတွဲ၊ အမ်းမြို့တို့ရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်နေသည်။

ယခုနှစ် (၅)လအတွင်း AA သည် ရခိုင်ဒေသရှိ စစ်ကောင်စီတပ်စ ခန်း(၇၀)ကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်။

#TachileikNewsAgency