ခင်ဦးမြို့နယ်အတွင်း  မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ်က (၂)ရက် ဆက်တိုက် မီးရှို့သဖြင့် အိမ်ခြေ (၄၀၀)ကျော် မီးလောင်ပြာကျ

  Photo: ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
  Photo: ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
ခင်ဦးမြို့နယ်အတွင်း  မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ်က (၂)ရက် ဆက်တိုက် မီးရှို့သဖြင့် အိမ်ခြေ (၄၀၀)ကျော် မီးလောင်ပြာကျ

 စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြို့သစ်ကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က (၂)ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးသဖြင့် အိမ်ခြေ (၄၀၀)ကျော် ပျက်စီးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် အင်အား(၁၅၀)ကျော်ဖြင့်  ၂၀၂၃ခုနှစ်၊ ဧပြီလ (၂၆)ရက်နေ့မှ စတင်ပြီး(၂၇)ရက်နေ့၏ နေ့လည်ပိုင်းအထိ မြို့သစ်ရွာကို ဝင်ရောက်မီးရှို့ခဲ့ရာ နေအိမ်(၆၀၀)ဝန်းကျင်ရှိသည့်အနက် (၄၀၀) ကျော် ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်၏ စစ်ကြောင်းသည် ဧပြီလ(၁၉)ရက်နေ့ကပင်  ရေဦးမြို့မှ ခင်ဦးနယ်အနောက်တောင်ခြမ်း ကျေးရွာများအား စစ်ကြောင်းထိုးလာခဲ့ပြီး ဒေသခံကာကွယ်ရေးများနှင့် တိုက်ပွဲဖြစ်ပြီးနောက် ဧပြီလ(၂၇)ရက်နေ့၏ နေ့လည်ပိုင်းတွင် ရေဦးမြို့သို့ ပြန်လည် ဝင်ရောက်သွားကြောင်း သိရသည်။

ဧပြီလ(၁၉)ရက်နေ့က မြကန်ကျေးရွာအတွင်းသို့ ၎င်းစစ်ကြောင်း ဝင်ရောက်လာသဖြင့် ဒေသခံကာကွယ်ရေးများနှင့် တိုက်ပွဲဖြစ်ရာ ဒေသကာကွယ်ရေးတပ်မှ ရဲဘော်(၅)ဦး ကျဆုံး၍ ဒေသခံအမျိုးသား (၅)ဦးကို PDF ဟု စွပ်စွဲကာ ဖမ်းဆီးသွားရာ ယနေ့အထိ ပြန်မလွတ်သေးဟု သိရသည်။

၎င်းစစ်ကြောင်းသည် ဧပြီလ(၂၅)ရက်တွင် ရွှေဘိုနယ်မှ ခင်ဦးနယ်ဘက်သို့ ပြန်လှည့်လာပြီး တပင်ကောင်း(တောင်)ရွာရှိ ပြည်သူပိုင် နေအိမ်(၂၅)လုံး၊ ကံကြီးကုန်းကျေးရွာမှ နေအိမ် (၁)လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဧပြီလ(၂၆)ရက်နှင့်  (၂၇)ရက်နေ့တို့တွင် မြို့သစ်ကျေးရွာကို မီးရှို့ဖျက်ဆီးသွားခြင်း ဖြစ်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြထားသည်။ 

စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီးချိန်မှစ၍  ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ(၇၀)မှ နေအိမ်ပေါင်း(၅,၀၀၀)ဝန်းကျင်အထိ မီးရှို့ဖျက်ဆီးထားပြီး ဖြစ်ကြောင်း သိရသည်။