စကစ လူကယ်ပြန်ဝန်ကြီး ဒေါက်တာသက်သက်ခိုင်၏ ခင်ပွန်း  ရွှေနန်းတော် စိန်ရွှေရတနာလုပ်ငန်းစု၏ ပဲ့ကိုင်ရှင် ဒေါက်တာအောင်ကျော်ဝင်းကို အာဏာသိမ်းအဖွဲ့က  သီဟသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ် ပေး

ပုံအညွှန်း -  ဒေါက်တာသက်သက်ခိုင် နှင့် ဒေါက်တာ အောင်ကျော်ဝင်း
ပုံအညွှန်း - ဒေါက်တာသက်သက်ခိုင် နှင့် ဒေါက်တာ အောင်ကျော်ဝင်း
စကစ လူကယ်ပြန်ဝန်ကြီး ဒေါက်တာသက်သက်ခိုင်၏ ခင်ပွန်း  ရွှေနန်းတော် စိန်ရွှေရတနာလုပ်ငန်းစု၏ ပဲ့ကိုင်ရှင် ဒေါက်တာအောင်ကျော်ဝင်းကို အာဏာသိမ်းအဖွဲ့က  သီဟသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ် ပေး
ဇန်နဝါရီ 5, 2022 | အခြားဒေသများ

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် အာဏာသိမ်းအဖွဲ့က လွတ်လပ်ရေးဂုဏ်ထူးဆောင်ဘွဲ့များပေးရာတွင် ဗုဒ္ဓဘာသာ သာသနာပြုအမျိုးသားများအတွက်ပေးသည့် သီဟသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်ကို  ရွှေနန်းတော် စိန်ရွှေရတနာလုပ်ငန်းစုပိုင်ရှင် ဒေါက်တာ အောင်ကျော်ဝင်းလည်း ရရှိကြောင်း သိရသည်။

ရွှေနန်းတော် စိန်ရွှေရတနာလုပ်ငန်းစုပိုင်ရှင် ဒေါက်တာ အောင်ကျော်ဝင်း

အာဏာသိမ်းအကြမ်းဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အာဏာသိမ်းအဖွဲ့က ချီးမြှင့်သည့်  သီဟသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်အား  ဒေါက်တာအောင်ကျော်ဝင်း အပါအဝင် ရန်ကုန်နှင့် မန္တလေးမြို့တို့မှ အမျိုးသား(၆) ဦး ရရှိခဲ့ခြင်းဖြစ်သည်။

ဒေါက်တာ အောင်ကျော်ဝင်းသည် အာဏာသိမ်းစစ်ကောင်စီ၏ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဖြစ်သူ ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၏ လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ လက်ရှိပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၏ ဥက္ကဌဖြစ်သူ ဒေါက်တာသက်သက်ခိုင်၏ ခင်ပွန်းဖြစ်သည်။

လွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဆုများအနက် ဗုဒ္ဓဘာသာသာသနာပြုသူများအတွက် ဘာသာရေးဘွဲ့တံဆိပ်ခေါင်းစဉ်အောက်တွင် ပြည်တွင်းပြည်ပမှ သာသနာပြုသူများအတွက်ပေးသည့် သာသနာနုဂ္ဂဟဘွဲ့တံဆိပ်(၈)မျိုးထဲတွင် သီဟသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်သည်  (၅)ဆင့်မြောက် အမြင့်ဆုံး ဘွဲ့တံဆိပ် အမျိုးအစားဖြစ်ပြီး အမြင့်ဆုံး ဘွဲ့မှာ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ် ဖြစ်သည်။

သီဟသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ် ချီးမြှင့်ခံရသူသည် ဥပါသကာဂုဏ်ရည်(၁၀)ပါးကို စောင့်ထိန်းသူဖြစ်ခြင်း၊ ရှင်သာမဏေအပါး ၁၀၀ နှင့်အထက် တစ်ဦးတည်းဒါယကာခံ၍ ရှင်ပြုပေးခြင်း၊ ရှင်သာမဏေ ၁၀ ပါးကို တစ်ဦးတည်းဒါယကာခံ၍ ရဟန်းခံပေးပြီး ပစ္စည်းလေးပါး ထောက်ပံ့ပေးလျက်ရှိခြင်း၊ ဗုဒ္ဓသာသနာ ထွန်းကားမှုအားနည်းသော ဒေသများတွင် ဘုရား၊ ပုထိုး၊ စေတီ၊ သိမ်၊ ကျောင်း၊ ဇရပ်၊ ရေတွင်း၊ ရေကန်၊ သာသနိကအဆောက်အဦများ အသစ်တည်ဆောက် လှူဒါန်းခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့ကို ကျပ်သိန်း ၁၀၀ အထက် လှူဒါန်းခဲ့ခြင်း၊ ပရိယတ္တိတက္ကသိုလ်၊ ပရိယတ္တိစာသင်တိုက်တို့တွင် ထာ၀ရငွေပဒေသာပင်၊ ပစ္စည်းလေးပါးနှင့် သာသနိကအဆောက်အဦတို့အတွက် ကျပ်သိန်း ၁၀၀ အထက် လှူဒါန်းခဲ့ခြင်း၊ ပြစ်ဒဏ်ကျခံခဲ့ဖူးသူ မဖြစ်ခြင်း၊ တည်ဆဲဥပဒေများနှင့်အညီ လိုက်နာနေထိုင်သူ ဖြစ်ခြင်း၊ သမ္မာအာဇီဝလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ ဖြစ်ခြင်း၊ ရှင်ပြုခြင်း၊ ရဟန်းခံခြင်း၊ ဗုဒ္ဓသာသနာ ထွန်းကားမှုအားနည်းသောဒေသများသို့ လှူဒါန်းခြင်း၊ ပရိယတ္တိစာသင်တိုက်များသို့ လှူဒါန်းခြင်းအပါအဝင် အခြား သာသနာရေးဆိုင်ရာကိစ္စရပ်များတွင် လှူဒါန်းခြင်းစသည့် လှူဒါန်းငွေ စုစုပေါင်းသည် ကျပ်သိန်း ၃၀၀၀ အထက် ရှိခြင်းစသည့် ဂုဏ်အင်္ဂါ အရည်အချင်းပြည့်စုံရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။

ဗုဒ္ဓဘာသာများအတွက် ပေးသည့်အဆိုပါဆုတံဆိပ်အမျိုးအစားတွင်  အမျိုးသားများကို သီဟသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ချီးမြှင့်ပြီး အမျိုးသမီးများကို သီဟသုဓမ္မသိင်္ဂီ ဘွဲ့တံဆိပ် ချီးမြှင့်ခြင်းဖြစ်သည်။