ဒေါပုံမြို့နယ်တွင် စစ်မှုထမ်းရန် စာရင်းလာကောက်သည့် ရာအိမ်မှူးအပါအဝင် ၃ ဦးကို အိမ်ရှင်က ဓာတ်ဆီလောင်း မီးရှို့ကာ ထွက်ပြေး

ဒေါပုံမြို့နယ်တွင် စစ်မှုထမ်းရန် စာရင်းလာကောက်သည့် ရာအိမ်မှူးအပါအဝင် ၃ ဦးကို အိမ်ရှင်က ဓာတ်ဆီလောင်း မီးရှို့ကာ ထွက်ပြေး

ရန်ကုန်တိုင်း ဒေါပုံမြို့နယ်တွင် စစ်မှုထမ်းရန်အတွက် စာရင်းလာကောက်ယူသော ရာအိမ်မှူးအပါအဝင် (၃)ဦးကို အိမ်ရှင်အမျိုးသားတစ်ဦးက ဓာတ်ဆီလောင်းမီးရှို့၍ ထွက်ပြေးသွားသည်ဟု ဒေသခံများထံမှ သိရသည်။

၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့ နေ့လယ်ပိုင်းက ဒေါပုံမြို့နယ် ကြည်စုရပ်ကွက် ဓမ္မရိပ်သာလမ်းသွယ်တွင် စစ်မှုထမ်းရန် စာရင်းလာကောက်သော ရာအိမ်မှူးအပါ (၃)ဦးကို အိမ်ရှင်က ဓာတ်ဆီလောင်းမီးရှို့ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသည်ဟု သိရသည်။

“စစ်မှုထမ်းဖို့ စာရင်းလိုက်ကောက်နေတဲ့ (၃) ယောက်ကို ဓာတ်ဆီလောင်း မီးရှို့ခဲ့တာ။ ဒဏ်ရာတွေကတော့ ပြင်းထန်တယ်။ မသေးဘူးလို့တော့ သိရတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်မှုထမ်းရန်အတွက် စာရင်းကောက်ရန် အိမ်တံခါးလာခေါက်စဉ် အိမ်ရှင်အမျိုးသားက တံခါးကိုဖွင့်ပြီး ဓာတ်ဆီနှင့်လောင်းကာ မီးရှို့၍ ထွက်ပြေးလွတ်မြောက်သွားသဖြင့် စစ်ကောင်စီတပ်က လိုက်လံရှာဖွေနေသည်ဟု သိရသည်။ 

မီးရှို့ခံရမှုကြောင့် အသက်(၅၀)ကျော် ရာအိမ်မှူးတွင် ဦးခေါင်း၊ ကိုယ်ခန္ဓာတို့တွင် လည်းကောင်း၊ အတူပါလာသော အမျိုးသမီးတစ်ဦးတွင် ခန္ဓာကိုယ်တစ်ခြမ်းနှင့် အသက်(၁၇)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးတွင် ပေါင်နှင့် ခြေသလုံးတို့တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရပါတယ်။

စစ်ကောင်စီသည် နိုင်ငံတဝှမ်း စစ်ရှုံးနေသဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဌာန်းကာ အဓမ္မတပ်သားစုဆောင်းခြင်းများပြုလုပ်နေသည်မှာ အပတ်စဉ်(၁၀)အထိ ရောက်ရှိနေပြီဖြစ်သည်။

စစ်ကောင်စီသည် အပတ်စဉ်တစ်ခုလျှင် လူဦးရေ (၄၅၀၀)ဦးနှုန်း ခေါ်ယူစစ်သင်တန်းပေး၍ ရှေ့တန်းထွက်ခိုင်းနေခြင်းကြောင့် စစ်မှုထမ်းလူငယ်များ ရှေ့တန်းတွင် သေဆုံးနေကြရသည်။

#TachileikNewsAgency