ကန့်ဘလူတွင် ဖမ်းဆီးခံထားရသည့် အရပ်သား ခြောက်ဆယ်ဦးအနက် ဆယ့်လေးဦး မလွတ်မြောက်သေး

ကန့်ဘလူတွင် ဖမ်းဆီးခံထားရသည့် အရပ်သား ခြောက်ဆယ်ဦးအနက် ဆယ့်လေးဦး မလွတ်မြောက်သေး

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ(၂)ရွာမှ အရပ်သား (၆၀)ဦးအား စစ်ကောင်စီတပ်များက ဖမ်းဆီးထားရာ အချို့ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်သော်လည်း (၁၄)ဦးမှာ ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ လက်အောက်ခံ ခြေမြန်တပ်ရင်း(၃၆၁)နှင့် ပျူစောထီးအင်အား(၁၀၀)ကျော်သည် ဇူလိုင်လ (၄)ရက်နေ့က ပင့်သာတိုက်နယ်၊ အင်းမရွာစစ်ရှောင်တဲတိုက်အနီး ကုန်းကွက်များ၌ လယ်ယာလုပ်ငန်းလုပ်ကိုင်နေသည့် အသက်မပြည့်သေးသည့် ယောကျ်ားလေး (၃)ဦး အပါအဝင် အမျိုးသား (၈)ဦးနှင့် အမျိုးသမီး (၄)ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

ဇူလိုင်လ (၅)ရက်နေ့ နံနက်ပိုင်းတွင်လည်း ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့အထိုင်ရှိ ခြေမြန်တပ်ရင်း(၃၆၃)စစ်ကြောင်းက အင်အား (၅၀)ကျော်ဖြင့် မိဿလင်ကုန်းရွာအား စီးနင်းပြီးနောက် ကျေးရွာအတွင်းရှိ အရပ်သား (၄၈)ဦးအား ဖမ်းဆီးထားရာ (၈)တန်းကျောင်းသားတစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။

"ဇူလိုင် (၄)ရက်ကဖမ်းသွားတဲ့ (၁၂)ဦးထဲက အသက်မပြည့်သေးတဲ့ ကလေး(၃)ယောက်နဲ့ အမျိုးသမီး(၄)ဦး လွတ်လာပါတယ်။ အမျိုးသား(၅)ယောက်တော့ ဖမ်းခံရဆဲပါဗျ။"ဟု အင်းမရွာခံတစ်ဦးကပြောကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဖော်ပြထားသည်။

ထို့အပြင် မိဿလင်ကုန်းရွာမှ ဖမ်းဆီးခံရသည့် အရပ်သား(၄၈)ဦး အနက် ပထမအကြိမ်တွင် (၁၃)ဦး ပြန်လွတ်လာပြီး ဇူလိုင်လ (၆)ရက်နေ့တွင် (၂၆)ဦး ပြန်လွတ်လာရာ (၈)တန်းကျောင်းသားလည်း ပါဝင်လာသည်ဟု သိရသည်။

လက်ရှိအချိန်အထိ အင်းမရွာမှ အရပ်သား(၅)ဦးနှင့် မိဿလင်ကုန်းရွာမှ အရပ်သား(၉)ဦးမှာ ဖမ်းဆီးသွားသည့် စစ်ကောင်စီလက်အောက်ခံတပ်များ တပ်စွဲထားရာနေရာများဖြစ်ကြသော ကိုးထောင်ဘို့အထိုင်စခန်းနှင့် ကျွန်းလှမြို့အထိုင်စခန်းများတွင် ဖမ်းဆီးခံနေရဆဲဟု သိရသည်။

စစ်ကောင်စီတပ်နှင့် ၎င်းတို့ လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးတပ်ဖွဲ့များမှာ ကန့်ဘလူခရိုင်းအတွင်း၌ စစ်ကြောင်းများခွဲ၍ ရွာစဉ်ဆက် စစ်ကြောင်းထိုးမှုများအား ဆက်တိုက်ပြုလုပ်နေသည့်အပြင် ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်ခြင်းများကိုလည်း ပြုလုပ်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ဟု စွပ်စွဲကာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်း၊ ငွေကြေးဖြင့် အတင်းအကြပ် ပြန်လည် ရွေးယူခိုင်းခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

ထို့ပြင် ကျေးရွာများအား စစ်ကြောင်းထိုးစဉ်အတွင်း ပြည်သူပိုင် နေအိမ်များအတွင်းရှိ တန်ဖိုးကြီးပစ္စည်းများအား ယူဆောင်ခြင်း၊ လယ်ယာလုပ်ငန်းသုံး ကျွဲ၊ နွားများအား ယူဆောင်ရောင်းချခြင်းများလည်း ပြုလုပ်ကြကြောင်း သိရသည်။

#TachileikNewsAgency