သံတွဲမြို့ကို AA သိမ်းပါက စစ်အုပ်စု ဆုံးရှုံးမှုများသဖြင့် အသည်းအသန်ခုခံနေခြင်းဖြစ်

သံတွဲမြို့ကို AA သိမ်းပါက စစ်အုပ်စု ဆုံးရှုံးမှုများသဖြင့် အသည်းအသန်ခုခံနေခြင်းဖြစ်

ရခိုင်ပြည်နယ် သံတွဲမြို့နယ်ကို အာရက္ခတပ်တော်(AA) သိမ်းပိုက်ပါက စစ်အုပ်နှင့် ၎င်းတို့၏ အကျိုးစီးပွားတူ စီးပွားရေးသမားများ၏ အကျိုးစီးပွားသည် အကြီးအကျယ်ထိခိုက်ဆုံးရှုံးလာနိုင်သဖြင့် စစ်ကောင်စီတပ်က သံတွဲမြို့မကျရေး AA ထိုးစစ်ကို ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် ဇွန်လ(၂)ရက်နေ့ကစတင်ကာ သံတွဲမြို့ ဟိုတယ်ဇုန်အနီးရှိ ဂေါ့ကျေးရွာတွင် AA နှင့် စစ်ကောင်စီတပ်တို့၏ တိုက်ပွဲသည် ယနေ့ ဇွန်လ (၆)ရက်နေ့အထိ ဖြစ်ပွားနေရာ စစ်အုပ်စုနှင့် အကျိုးတူ ခရိုနီများပိုင် Jasmine Ngapali Resort နှင့် အမရာဟိုတယ်တို့ လက်နက်ကြီးထိမှန် ပျက်စီးသွားသဖြင့် ဆုံးရှုံးမှုများခဲ့သည်။

"အမရာ ဟော်တယ်တော့ ပျက်စီးသွားတယ်။ Jasmine Ngapali Resort ကတော့ တခြမ်းပါသွားပြီ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

တိုက်ပွဲဖြစ်နေသည့် ဂေါ့ကျေးရွာအနီးရှိ ခရိုနီ(အမည်စုံစမ်းဆဲ) ပိုင် Jasmine Ngapali Resort အမည်ရှိ နာမည်ကြီးဟိုတယ်တွင် အာဏာသိမ်း စစ်ခေါင်းဆောင် တည်းခိုခဲ့ဖူးပြီး ကြံ့ဖွံ့ပါတီမှ ထိပ်သီးခေါင်းဆောင်ဟောင်း၊ ဝန်ကြီးဟောင်း ဦးအောင်သောင်း မိသားစုပိုင် အမရာဟိုတယ်လည်း ပျက်စီးသွားပြီဖြစ်သည်။

အဆိုပါ ဟိုတယ်(၂)လုံးသည် ဂေါ့ကျေးရွာ တိုက်ပွဲဇုန်အနီးတွင်ရှိနေပြီး ဟိုတယ်အများစုရှိရာ ငပလီကမ်းခြေဘက်သို့လာပါက ဖြတ် သန်းရသည့် သံတွဲလေဆိပ်ကို လက်ရှိတွင် စစ်ကောင်စီတပ်က လက်နက်ကြီးထိုင်ကာ လေဆိပ်ကိုလည်း ပိတ်ချထားလိုက်ပြီဖြစ် သည်။

ငပလီတွင် စစ်‌ကောင်စီတပ်၏ ခလရ(၅၅)တပ်နှင့် ဂေါ့ရွာအနီး မှိုဟင်းပြင်ရွာတွင် ခမရ(၅၆၆)တပ်တို့ရှိကာ အာရက္ခတပ်တော်က ခမရ(၅၆၆)တပ်ကို ထိုးစစ်ဆင်ရန် ရည်ရွယ်နေသည့် အခြေအနေဟု ဒေသခံများက ဆိုသည်။

"အခုက ခမရ(၅၆၆)တပ်ကို မရောက်သေးဘူးပေါ့။ အဲဒီတပ်နဲ့ တစ်မိုင်ကျော်လောက်ဝေးတဲ့ ဂေါ့မှာဖြစ်နေတာ။ စစ်တပ်ဘက်က လည်း မိုးမလင်းသေးဘူး လေယာဉ်နဲ့ဗုံးကြဲ။ အမြှောက်ဆင်ထားတဲ့ တောင်တွေကနေ လက်နက်ကြီးနဲ့ပစ်ပေါ့။ အသဲအသန်ခုခံနေတာ။" ဟု ဒေသခံတစ်ဦးက ပြောသည်။

သံတွဲမြို့ရှိ ကမ္ဘာကျော် ငပလီကမ်းခြေတွင် ဟိုတယ်အလုံးပေါင်း (၁၀၀)ဝန်းကျင်ရှိနေပြီး အများစုကို စစ်အုပ်စုနှင့် ၎င်းတို့၏ အကျိုးတူ ခရိုနီကြီးများက ပိုင်ဆိုင်ထားသော်လည်း ပုဂ္ဂလိကပိုင်ဟုသာ အမည်တပ်ထားသည်။

အဆိုပါဟိုတယ်များသည် ငှားရမ်းခပင် ကျပ်ဘီလီယံချီရှိနေခြင်းကြောင့် စစ်အုပ်စုသည် ငပလီဟိုတယ်ဇုန်အရေး အကြပ်ရိုက်နေကာ မြို့ပတ်လည် လက်နက်ကြီးတပ်ဆင်၍ ပစ်ခတ်နေခြင်းဖြစ်သည်။

ခရီးသွားကာလများတွင် စစ်အုပ်စုနှင့်အကျိုးတူ ဟိုတယ်ကြီးများဖြစ်သည့် Amazing Ngapali၊ Hilton Hotel၊ Merciel Retreat Hotel၊ Hotel At the Rock တို့သည် ပွင့်လင်းကာလက စစ်ကောင်စီအတွက် တစ်နှစ်လျှင် ဒေါ်လာ(၃)သိန်းနီးပါး ရှာဖွေပေးထားသော်လည်း ကိုဗစ်ကာလကစတင်၍ ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းမရှိခဲ့ပါ။

Amazing Ngapali ဟိုတယ်ကို ဦးအောင်မျိုးမင်းဒင်၊ Hilton Hotel ကို ဦးချစ်ခိုင်၊ Hotel Max ဦးဇော်ဇော်၊ Hotel At the Rock ဟိုတယ်ကို Fortune Group မှ ဦးမြဟန်၊ Merciel Retreat Hotel ကို မင်းဇာနည်အုပ်စုတို့က ပိုင်ဆိုင်သည်။

ထို့အပြင် Pristine Mermaid Ngapali ဟိုတယ်မှာ အာဏာရှင်ဟောင်း မောင်အေး၏သမီး ဒေါ်နန္ဒအေးပိုင်ပြီး Thande Ngapali ဟိုတယ်မှာ အာဏာရှင်ဟောင်း ဦးသန်းရွှေ၏သား ထွန်းနိုင်ရွှေပိုင် ဟိုတယ်ဖြစ်သည်။

ထို့အပြင် ခရိုနီဦးတေဇ ၏ Htoo လုပ်ငန်းစုပိုင် Aureum Ngapali ဟိုတယ်၊ ပတ္တမြားနဂါး (Ruby Dragon)မှ ဦးဝင်းထွန်းပိုင် Jade Marina ဟိုတယ်များလည်းရှိသည်။

ခလရ(၅၅)ကသိမ်းထားသည့် မြေပေါ်တွင်တည်ဆောက်ထားသော  Coconut Island ဟိုတယ်သည်လည်း စစ်အုပ်စုပိုင်ဖြစ်ကာ Ngapali Bay and Spa မှာ ဒေါ်သန္တာနေဝင်းပိုင်ဆိုင်ထားသည်။ 

အဆိုပါ ဟိုတယ်များသည် စစ်အုပ်က ဒေသခံများထံမှ မြေသိမ်း၊ လျော်ကြေးမပေးဘဲ နှစ်(၆၀)ပါမစ်များဖြင့် လုပ်ကိုင်နေကြသူများ ဖြစ်ကြသည်။

Tachileik News Agency အနေဖြင့် စုံစမ်းသိရှိထားရသည့် ဟိုတယ်များဖြစ်ပြီး ယင်းထက်ပို၍ စစ်အုပ်စုနှင့် ၎င်းတို့၏ အကျိုး တူဟိုတယ်လုပ်ငန်းများရှိနေနိုင်သေးသည်။

သံတွဲမြို့သည် စစ်ခေါင်းဆောင်၏ အမျိုးသမီး ဒေါ်ကြူကြူလှ၏ မွေးဖွားရာ ဇာတိဖြစ်ကာ ပြီးခဲ့သည့် မေလ(၁၃)ရက်နေ့က ရွှေ လှေတိုက်နယ်ကို AAက တိုက်ခိုက်စဉ် ဒေါ်ကြူကြူလှ၏ရွာ ဇီးကျွန်းကိုပါ သိမ်းယူထားခြင်းဖြစ်သည်။

#TachileikNewsAgency