ရှမ်းမြောက်နှင့် မိုးကုတ်မြို့တို့တွင် တိုက်ပွဲများဆက်ဖြစ်နေဟု TNLA ထုတ်ပြန် 

ရှမ်းမြောက်နှင့် မိုးကုတ်မြို့တို့တွင် တိုက်ပွဲများဆက်ဖြစ်နေဟု TNLA ထုတ်ပြန် 

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်ဟု TNLA က ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၂၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ယနေ့ ညနေပိုင်းတွင် ကျောက်မဲမြို့နယ် ဂုတ်တွင်း၌ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ် စကခ (၁)၊ ခမရ (၁၁၄)တို့ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဆိုသည်။

ဇွန်လ (၂၆)ရက်နေ့တွင် TNLAမှ သိမ်းရရှိထားသည့် နောင်ချိုမြို့ရှိ စစ်ကောင်စီ၏ ခမရ (၁၁၅)တပ်စခန်းရှိ လက်နက်ခဲယမ်းမျိုးစုံကို သိမ်းဆည်းရရှိထားသည်ဟု သိရသည်။

ဇွန်လ (၂၇)ရက်နေ့ ညပိုင်းတွင် TNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီ၏ ခမရ (၁၁၄)တပ်စခန်းအား ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီ၏ ခမရ(၆၀၆)တပ်စခန်းတစ်ခုသာကျန်ရှိတော့ကာ အဆိုပါစခန်းအား TNLA၊ MDY-PDFနှင့် ဓနုပြည်သူ့လွတ် မြောက်ရေးတပ်မတော်(DPLA) ပူးပေါင်းတပ်ဖွဲ့တို့က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။ 

တိုက်ပွဲအတွင်းသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် (၄)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်သည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။

ဇွန်လ (၂၇)ရက်နေ့တွင် ကျောက်မဲမြို့နယ် နောင်ပြစ်ရွာလမ်းခွဲရှိ စစ်ကောင်စီတပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

ယနေ့ ဇွန်လ(၂၈)ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ကျောက်မဲမြို့ရှိ စစ်ကောင်စီ၏ ခမရ (၅၀၁)၊ ခမရ(၅၀၂)တပ်စခန်းအား TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့မှ ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။

#TachileikNewsAgency

Photo:PSLF/TNLA News