မြိုင်မြို့နယ်မှ ရေနံတွင်းများအားလုံးကို ဆက်လက် မီးရှို့ပစ်မည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ တပ်က ခြိမ်းခြောက်

မြိုင်မြို့နယ်မှ ရေနံတွင်းများအားလုံးကို ဆက်လက် မီးရှို့ပစ်မည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ တပ်က ခြိမ်းခြောက်
ဇန်နဝါရီ 26, 2022 | အခြားဒေသများ

မကွေးတိုင်း မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အတွင်းရှိ ရေနံတွင်းများကို အာဏာသိမ်းစစ်ကောင်စီတပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးနေသည်မှာ နှစ်ပတ်နီးပါး ရှိနေပြီး ဆက်လက်၍ ရေနံတွင်းအားလုံးကို မီးရှို့မည်ဟု ခြိမ်းခြောက်ထားကြောင်း ဒေသခံများထံမှ သိရသည်။

မြိုင်မြို့နယ်အတွင်း PDF အားကောင်းသည်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီ၏တပ်က ဇန်နဝါရီလပထမပတ်တွင်  စစ်ကြောင်း (၃) ကြောင်းဖြင့် ထိုးစစ်ဆင်နေပြီး ကျေးရွာများအတွင်း ဝင်ရောက်မွှေနှောက် ဖျက်ဆီးနေကြခြင်း  ဖြစ်သည်။

ရှို့နေတာ နှစ်ပတ်လောက်ရှိပြီဗျ။ အကုန်ကုန်နေပြီ။ ကြက်တွေဝက်တွေလည်း သတ်စားကြတယ်။ သုံးလို့ရတာတွေလည်း ယူသွားကြတယ်

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

စစ်ကောင်စီတပ်များက ဇန်နဝါရီလ၏ ပထမပတ်တွင်းက စပြီး မြိုင်မြို့နယ်အနောက်ပိုင်းနှင့် ပေါက်မြို့နယ်တို့ကို ဝင်ရောက်မွှေနေကာ လူရှိသည့် ရေနံတွင်းများကို ရေနံတွင်းတစ်တွင်းလျှင် ငွေကျပ် (၂) သိန်းတောင်းကာ လူမရှိသည့် ရေနံတွင်းများကို ရေနံတွင်းနှင့် လူနေသည့် တဲများကိုပါ မီးရှို့ဖျက်ဆီးနေကြခြင်းဖြစ်ကြောင်း သိရသည်။