ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးတွင် စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ

ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးတွင် စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရ

မွန်ပြည်နယ် ကျိုက်ထိုခရိုင် ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးတွင် စစ်ကောင်စီယာဉ်တန်းအား တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၇၈၀၅ တပ်ခွဲ (၄)ထံမှ သိရသည်။

ကျိုက်ထိုခရိုင် ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီး ကျိုက်ထို-ဘီးလင်း လမ်းပိုင်းတွင် ကျိုက်ထိုဘက်မှ ဘီလင်းဘက်သို့ ဆင်းလာသည့် ကား (၇)စီးပါ စစ်ကောင်စီယာဉ်တန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၄)ရက်နေ့ နေ့လယ် (၁၁)နာရီခွဲဝန်းကျင်တွင် မိုင်း၊ ၄၀ မမနှင့် လက်နက်ငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ကားတစ်စီးပျက်စီးကာ (၆)ဦးထက်မနည်း ထိခိုက်ပြီး ထိခိုက်သေဆုံးမှု စာရင်းအတိအကျအား စုံစမ်းဆဲဖြစ်ကြောင်း PDF တပ်ရင်း-၇၈၀၅ တပ်ခွဲ (၄)မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။

တိုက်ခိုက်မှုအတွင်း ပျက်စီးသွားသည့် ကားအား အချိန် (၂)နာရီခန့်အကြာတွင် စစ်ကောင်စီဘက်မှ လာရောက်သယ်ဆောင်သွားပြီး ၊ လမ်းပိတ်စစ်ဆေးမှုများကိုလည်း လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

တိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား KNU နှင့် PDF တပ်ရင်း-၇၈၀၅ တပ်ခွဲ (၄)တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

#TNA_LE

Photo: Internet (ပုံဟောင်း)