စစ်ကောင်စီ၏ ကမ်းလှမ်းချက်ကို လက်မခံဘဲ ဆက်လက်တိုက်ပွဲဝင်မည်ဟု CNF ပြော

စစ်ကောင်စီ၏ ကမ်းလှမ်းချက်ကို လက်မခံဘဲ ဆက်လက်တိုက်ပွဲဝင်မည်ဟု CNF ပြော
နိုဝင်ဘာ 5, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကောင်စီ၏ ကမ်းလှမ်းချက်ကို လက်မခံဘဲ ဆက်လက်တိုက်ပွဲဝင်မည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ(၅)ရက်နေ့တွင် ပြုလုပ်သည့် EAOs များနှင့်အတူ NUG ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်သည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းရန် EROs နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအား ၂၀၀၈ ဖွဲ့စည်းပုံအောက်မှ ကမ်းလှမ်းလာခြင်းအား ယင်းသို့ကန့်ကွက်လိုက်ခြင်းဖြစ်သည်။

“မင်းအောင်လှိုင်ရဲ့ နိုင်ငံရေးပြဿနာက စစ်အာဏာသိမ်းခြင်းကို လက်မခံနိုင်တဲ့ လက်နက်ဆွဲကိုင်ခြင်းက နိုင်ငံရေးပြဿနာလို့ပြောပါတယ်။ အဲဒါကြောင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီးတော့ ရွေးကောက်ပွဲဝင်ဖို့ နိုင်ငံရေးပါတီတည်ထောင်ဖို့ ကမ်းလှမ်းနေတာဖြစ်ပါတယ်။ အချုပ်အားဖြင့်ပြောရမယ်ဆိုရင် ယနေ့ နိုင်ငံရေးပြဿနာဟာ စစ်အာဏာရှင်ရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တဲ့အတွက် ဒီကမ်းလှမ်းချက်က လက်ခံနိုင်စရာမရှိဘူးလို့ ပြောလိုပါတယ်။”ဟု CNF ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ထို့ကြောင့် ရပ်တည်ချက်၊ ယုံချက်အတွက် အားကောင်းမောင်းသန်နှင့် ပိုပြီး တိုက်ပွဲဝင်မည်ဖြစ်သည်ဟုလည်း ဆိုသည်။

ယနေ့နိုင်ငံရေးပြဿနာသည် စစ်အာဏာရှင်စနစ်၏ အကျိုးစီးပွားကို ကာကွယ်ပေးနေသည့် ၂၀၀၈ ဖွဲ့စည်းပုံက အရင်းခံဖြစ်သဖြင့် ၂၀၂၁ ခုနှစ် စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံဥပဒေကို ပယ်ဖျက်ထားပြီးလည်းဖြစ်သည်ဟု ဆိုသည်။

“စစ်ကောင်စီရဲ့ လုပ်ရပ်မှန်သမျှက လုံးဝဆွေးနွေးနိုင်စရာမရှိဘူး။ စစ်ကောင်စီရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကလုပ်တဲ့ဟာသမျှကတော့ ကျွန်တော်တို့က အပြတ်သတ်ငြင်းပယ်တယ်။ ဆွေးနွေးနိုင်စရာ အကြောင်းမရှိဘူး။”ဟု ဆလိုင်းထက်နီက ဆက်ပြောသည်။ 

စစ်ကောင်စီတပ်အတွက် နိုင်ငံရေး၊ စစ်တပ်ရပ်တည်ရေးကို ခိုင်မာစေသည့် ၂၀၀၈ ဖွဲ့စည်းပုံအောက်မှ လှုပ်ရှားဆောင်ရွက်မှု၊ စစ်ကောင်စီကို သက်ဆိုးရှည်စေမည့် ပံ့ပိုးမှု မှန်သမျှကို ဆန့်ကျင်တိုက်ဖျက်နေခြင်းဖြစ်သည်ဟုလည်း ပြောသည်။

“ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ဖို့ နိုင်ငံရေးမှာ စစ်တပ်အာဏာ ကင်းစင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲနိုင်ဖို့ ကနဦး ကျွန်တော်တို့ စစ်အာဏာရှင်စနစ်ကို အပြတ်တိုက်နေတာဖြစ်ပါတယ်။”ဟု ဆလိုင်းထက်နီက ပြောသည်။ 

CNF အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်တချို့နှင့်အတူ NCA ဆွေးနွေးပွဲကို တက်ရောက်ခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် NCA ကိုအယုံအကြည်မရှိတော့ဘဲ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်တောင်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဆင်နွှဲနေခြင်ဖြစ်သည်ဟု ဆိုသည်။

#TachileikNewsAgency

Photo: CNF/CNA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)