အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံတွင် မြန်မာစစ်အုပ်စုအား အရေးယူရန်နှင့် NUG အား တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုရန် ဖိလစ်ပိုင်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ကိုယ်စားလှယ်တိုက်တွန်း

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံတွင် မြန်မာစစ်အုပ်စုအား အရေးယူရန်နှင့် NUG အား တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုရန် ဖိလစ်ပိုင်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ကိုယ်စားလှယ်တိုက်တွန်း

၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွင် မြန်မာစစ်အုပ်စုအား ILO Constitution နှင့်အညီ အရေးယူရန်နှင့် NUG အား တရားဝင်အစိုးရအဖြစ် ILO က အသိအမှတ်ပြုရန် ဖိလစ်ပိုင်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ကိုယ်စားလှယ်က တိုက်တွန်းပြောဆိုကြောင်း သိရသည်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ၂၀၂၄ ခုနှစ် ဇွန်လ ၃ ရက်နေ့မှ ၁၄ ရက်နေ့ထိ ကျင်းပလျက်ရှိသည့် ၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (112th Internation Labour Conference-ILC)တွင် ဖိလစ်ပိုင် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ကိုယ်စားလှယ် Sister Nice က ဇွန်လ (၆) ရက်နေ့၌ တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မြန်မာပြည်တွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်များရဲ့ အလုပ်သမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် ပြည်သူများအပေါ် အဆက်မပြတ် ရက်စက်ကြမ်းကြုတ်ဖိနှိပ်နေခြင်းကို လုံးဝလက်မခံနိုင်ပါ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုရန် တောင်းဆိုပါတယ်၊ NUG နှင့် ၎င်း၏ လုပ်ပိုင်ခွင့်အောက်တွင် သက်ဆိုင်ရာလုပ်ငန်းစဉ်အားလုံး လုပ်ဆောင်ခြင်းဖြင့် အခြေခံလူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးများဆိုင်ရာ ကတိကဝတ်များကို ပြသရန် ILO အား ကျွန်ုပ်တို့ တိုက်တွန်းပါတယ်။” ဟု Sister Nice က တိုက်တွန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ILO ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၃၃ အရ စစ်အုပ်စုအား အရေးယူရန်နှင့် ILO ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ (Commission of Inquiry on Myanmar-COI)၏ တိုက်တွန်းချက်များကိုလည်း အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ရန် ILO အား တောင်းဆိုခဲ့ကြောင်း သိရသည်။

“အလုပ်သမားသမဂ္ဂတွေရဲ့ လှုပ်ရှားမှုသည် စည်းလုံးညီညွတ်မှု အခြေခံမူပေါ်တွင် တည်ရှိတယ်။ ဖိလစ်ပိုင် ဆိုရိုးစကားအတိုင်း "ခန္ဓာကိုယ်မှာ အနာတရတစုံတရာရှိခဲ့လိုရှိရင် ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ရောဂါဝေဒနာပါပဲ” ဆိုသလို လူမျိုး၊ ကိုးကွယ်ယုံကြည်မှု သို့မဟုတ် မည်သူမည်ဝါ ဖြစ်သည်ကို မခွဲခြားဘဲ အလုပ်သမားများရဲ့ ဘုံအကျိုးစီးပွားအတွက် ဤကတိကဝတ်သည် နိုင်ငံတကာအလုပ်သမားများရဲ့ လှုပ်ရှားမှုနဲ့ ဆက်နွယ်စေပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ညီအစ်ကို မောင်နှမများအတွက် ကျွန်ုပ်တို့အားလုံး စိုးရိမ်ပူပန်ရပြီး စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ရှိနေပါတယ်။”ဟု ဖိလစ်ပိုင် အလုပ်သမား ကိုယ်စားလှယ် Sister Niceက ဆွေးနွေးခဲ့သည်။

၁၁၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံသို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင်ကိုယ်စားလှယ်များလည်း တက်ရောက်လျက်ရှိကြောင်း သိရှိရသည်။

#TachileikNewsAgency