ရခိုင်မြောက်ဘက် အခြေအနေများကို ပူးတွဲသဘောထားထုတ်ပြန်ခဲ့သည့် ၁၉၅ ဖွဲ့အား Facebook အသုံးပြုမှု စိစစ်တွေ့ရှိချက်

ရခိုင်မြောက်ဘက် အခြေအနေများကို ပူးတွဲသဘောထားထုတ်ပြန်ခဲ့သည့် ၁၉၅ ဖွဲ့အား Facebook အသုံးပြုမှု စိစစ်တွေ့ရှိချက်

ရခိုင်ပြည်နယ်မြောက်ဘက် အခြေအနေများနှင့်ပတ်သက်၍ ပူးတွဲသဘောထားထုတ်ပြန်ခဲ့သည့်အဖွဲ့အစည်းများအား လူမှုကွန်ရက်(Facebook )အသုံးပြုမှု အခြေအနေနှင့်ပတ်သက်၍ Tachileik News Agency ၏ စစ်ဆေးတွေ့ရှိချက်အား ဖော်ပြပေးလိုက်ပါသည်။

အဖွဲ့အစည်း (၁၉၅)ဖွဲ့တွင် (၁၇)ဖွဲ့သည် လူမှုကွန်ရက်ပေါ်၌ အသုံးပြုမှု(Active)မဖြစ်ဘဲ တချို့အဖွဲ့များမှာ နှစ်နှင့်ချီ၍ အသုံးပြုမှု(Active)မဖြစ်တော့သည်ကို စိစစ်တွေ့ရှိရသည်။

ယင်းအထဲတွင် (၄၁)ဖွဲ့မှာ လူမှုကွန်ရက်ပေါ်တွင် လုံးဝမတွေ့ရသည့်အပြင် အမည်မဖော်လိုသည့်အဖွဲ့(၅၉)ဖွဲ့နှင့်ဆိုပါက အဖွဲ့ပေါင်း (၁၀၀)ကျော်ကို ရှာဖွေတွေ့ရှိခြင်းမရှိပါ။  

တချို့အဖွဲ့များမှာ လူမှုကွန်ရက်ပေါ်၌ မရှိသော်လည်း ပြင်ပ၌ အမှန်တကယ်ရှိနေနိုင်ပြီး Tachileik  News Agency အနေဖြင့် Facebook တစ်ခုတည်းကိုသာ ဦးတည်လေ့လာထားခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း အခြေအနေများနှင့် ပက်သက်ပြီး တော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်း (၁၉၅)ဖွဲ့မှ ၂၀၂၄ ခုနှစ် မေလ (၂၂)ရက်နေ့တွင် သဘောထား ပူးတွဲထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်ထဲတွင် အခြားတဖက်တွင် ရက္ခိုင့်တပ်တော်(AA)က ရိုဟင်ဂျာ လူမျိုးစုများကို ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းများ မပြုလုပ်ပါဟု ထုတ်ပြန်ထားသော်လည်း လက်ရှိ မြေပြင်တွင် AA လက်အောက်ခံ စစ်သားများက  ကျူးလွန်နေသည်ဟု စွပ်စွဲခံထားရသော ကိစ္စရပ်များရှိနေသည်ဟု ထုတ်ပြန်ခဲ့သည်။ 

ဧပြီလ နှင့် မေလတွင် ဘူးသီးတောင်မြို့ရှိ သံကျောက်ခဲရွာ၊ ရွက်ညိုတောင်ရွာ နှင့် မြောက်ပိုင်း မောင်တောမြို့ရှိ သရက်အုတ်ရွာ စသည့်နေရာများတွင် ရွာအလိုက် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံထားရခြင်းများ၊  ဖမ်းဆီးခေါ်ဆောင်ခံရပြီး လူမသိ၊ သူမသိ သတ်ဖြတ်ခံခဲ့ရသော ရိုဟင်ဂျာများနှင့် မတရား ဖမ်းဆီးခေါ်ဆောင်နေမှုများ ရှိနေသည်ဟု ထုတ်ပြန်ထားသော သတင်းများအရ သိရှိရကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ထုတ်ပြန်ခဲ့သည်။

သတင်းမီဒီယာများနှင့် မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များအရ ဘူးသီးတောင်မြို့၏ နေရာအများစုကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပြီးနောက် မေလ (၁၇)ရက် ညအချိန် ၁၀နာရီခန့်တွင် ရိုဟင်ဂျာ အရပ်သား အများစု နေထိုင်သည့် ဘူးသီးတောင်မြို့ပေါ်ရှိ နေအိမ်များအား AAမှ မီးရှို့ဖျက်ဆီးခဲ့ပြီး ဤဖြစ်စဉ်သည် စစ်ရာဇဝတ်မှုအပြင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု တစ်ခုဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါကိစ္စရပ်များအား အာရက္ခတပ်တော် (AA)အနေဖြင့် လွပ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန်နှင့် ကျူးလွန်မှုများ အမှန်တကယ် ရှိနေပါက ကျူးလွန်သူများအား အပြစ်ပေး အရေးယူရန် ယခု ပူးတွဲထုတ်ပြန်လက်မှတ်ရေးထိုးထာသည့် တော်လှန်ရေး အင်အားစုများနှင့် အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် အထူးအလေးအနက် တောင်းဆိုကြောင်းပါရှိသည်။ 

အဆိုပါထုတ်ပြန်ချက်ထုတ်ပြီးနောက် AA က မေလ(၂၄)ရက်နေ့တွင် စစ်ကောင်စီအား တော်လှန်နေကြသည့် တော်လှန်ရေးအင်အားစုများအပါအဝင် အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်တွင်းလုံခြုံရေးအခြေအနေကြောင့် အမည်မဖော်လိုသော အဖွဲ့အစည်း စုစုပေါင်း (၁၉၅)ဖွဲ့ကို ကျိုးကြောင်းဆီလျော် သောရှင်းလင်းချက်(သို့မဟုတ်)ထုတ်ပြန်ချက်များကို အဖွဲ့အစည်းများ၏ ဆိုရှယ်မီဒီယာတွင်လည်းကောင်း၊ AA၏ အီးမေးလ်လိပ်စာသို့လည်းကောင်း ပေးပို့နိုင်ကြောင်း တောင်းဆိုခဲ့သည်။

၎င်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ အခြေအနေအကျိုးအကြောင်းကို ရှင်းလင်းစွာမသိရှိဘဲ ဖော်ပြခြင်းခံခဲ့ရသော အဖွဲ့အစည်းများရှိပါက မည်သည့်အတွက်ကြောင့် ပါဝင်ခဲ့ရသည်များကို ရှင်းလင်းချက် ထုတ်ပြန်ပေးရန်လည်း တောင်းဆိုခဲ့သည်။

AA ကယင်းသို့ထုတ်ပြန်ပြီးနောက် Alliance of Students' Unions Yangon-တကသများ ရန်ကုန်၊  General Strike Commitee (GSC)နှင့် K'cho Ethnic Association အဖွဲ့တို့က ထုတ်ပြန်ချက်မှ နှုတ်ထွက်သွားသည်။

#TachileikNewsAgency