မြိုင်မြို့နယ်အတွင်း ကနီကျေးရွာတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်အုပ်စု၏ တပ်ဖွဲ့များကို ဒေသကာကွယ်ရေး စစ်သည်တော်များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

မြိုင်မြို့နယ်အတွင်း ကနီကျေးရွာတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်အုပ်စု၏ တပ်ဖွဲ့များကို ဒေသကာကွယ်ရေး စစ်သည်တော်များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊  ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာအုပ်စုအတွင်း ကန်နီကျေးရွာ(ပျူစာထီးရွာ)တွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်အုပ်စု၏ တပ်ဖွဲ့များကို ဒေသကာကွယ်ရေးစစ်သည်တော်များက ကိုယ်တိုင်လုပ် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ၂၀၂၂ခုနှစ် မေလ(၁၃)ရက်နေ့ ညနေပိုင်းက   မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဦးဆောင်ပြီး PKU N PDF၊ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(PUGF)၊ ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်) - Myaing Rural Guerilla Force ၊ ဂဠုန်ပြောက်ကျားတပ်ဖွဲ့ (မြိုင်)၊ ၊ သံမဏိသိန်းငှက်တပ်ဖွဲ့၊ တမာမြေပြောက်ကျားတပ်ဖွဲ့၊ Young Force ၊ ဆင်ရိုင်းတပ်ဖွဲ့၊ YSO Southern PDF  တို့ ပါဝင်​​​​သည့် မဟာမိတ်တပ်ပေါင်းစုများက လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ဒေသကာကွယ်ရေးစစ်သည်တော်များ ဖန်တီးထားသည့် လက်လုပ် လက်နက်ကြီးများဖြင့် အာဏာသိမ်းစစ်အုပ်စု၏ တပ်ဖွဲ့များ တပ်စွဲထားသည့် နေရာများကို ပစ်ခတ်ရာ ထိခိုက်ဒဏ်ရာရရှိ သေဆုံးမှုများရှိနိုင်သည်ဟု သတင်းထုတ်ပြန်ထားသည်။

ထိုသို့ လျှပ်တပြက် ပစ်ခံရမှုကြောင့် အာဏာသိမ်းစစ်အုပ်စုတပ်ဘက်ကလည်း ပြန်လည်၍ ပစ်ခတ်သော်လည်း  တော်လှန်ရေးစစ်သည်တော်များအားလုံး အထိအခိုက်အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။

ဒေကာကွယ်ရေးအဖွဲ့များက "ပြည်သူများအနေဖြင့် တိုက်ပွဲသတင်းများကို နားစွင့်၍ စစ်ခွေးများ၊ စစ်ခွေးနောက်လိုက်ခွေးများနှင့် ဝေးရာသို့ ရှောင်တိမ်းကြရန် လေးစားစွာဖြင့် အသိပေးအပ်ပါသည်။"ဟုလည်း အသိပေးထုတ်ပြန်ထားရှိသည်။