ချင်းညီနောင်မှ မတူပီမြို့ပေါ်ရှိ စစ်ကောင်စီစခန်းများအား ထိုးစစ်ဆင်သိမ်းပိုက်နေချိန်တွင် CNF/ CNA နှင့်လည်း တိုက်ပွဲဖြစ်ပွားနေ

ချင်းညီနောင်မှ မတူပီမြို့ပေါ်ရှိ စစ်ကောင်စီစခန်းများအား ထိုးစစ်ဆင်သိမ်းပိုက်နေချိန်တွင် CNF/ CNA နှင့်လည်း တိုက်ပွဲဖြစ်ပွားနေ

ချင်းညီနောင်မှ မဟာမိတ်များနှင့်အတူ မတူပီမြို့ရှိ စစ်ကောင်စီတပ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်နေချိန်တွင် ချင်းအမျိုးသားတပ်ဦး CNF/CNA နှင့်လည်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း ချင်းညီနောင်မှ ၂၀၂၄ ခုနှစ် ဇွန်လ (၁၈) ရက်တွင် သတင်းထုတ်ပြန်သည်။

ချင်းညီနောင်မှ မဟာမိတ်များနှင့်အတူ မတူပီမြို့ရှိ ခလရ (၁၄၀)နှင့် ဗျူဟာစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေချိန်တွင် CNF/CAN တပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းကိုခံရပြီး တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ချင်းညီနောင်မှ ဆိုသည်။

ယမန်နေ့ ဇွန်လ (၁၇) ရက်နေ့တွင် ချင်းအမျိုးသားတပ်ဦး CNF/CNAတစ်ဖွဲ့ဝင်တစ်ဦးသည် ချင်းညီနောင်ထိုးစစ်ဆင်နေသည့် စစ်ကောင်စီ၏ ခလရ (၁၄၀) စခန်းသို့ ဦးတည်ကားမောင်းလာသဖြင့် ချင်းညီနောင်မှ စစ်ဆေးမေးမြန်းပြီး နောက်တစ်နေ့ ဇွန်လ (၁၈) ရက်နေ့တွင် ပြန်လည်လွှတ်ပေးရန်ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဇွန်လ (၁၈) ရက်နေ့ နံနက် ငါးနာရီ မိနစ်လေးဆယ်ခန့်တွင် CNF/CNA နှင့် လက်အောက်ခံတပ်များမှ ချင်းညီနောင်နှင့် မဟာမိတ်များအား Drone များ၊ ၆၀ မမ၊ ၄၀ မမ လောင်ချာများနှင့် လက်နက်ငယ်များဖြင့် အလစ်အငိုက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေသည်ဟု ချင်းညီနောင်မှ ဆိုသည်။

ချင်းညီနောင်အနေဖြင့် စတင်ဖွဲ့စည်းချိန်မှစ၍ စစ်ကောင်စီမှလွဲပြီး တခြားမည်သည့်တော်လှန်ရေးအဖွဲ့ကိုမှ နယ်မြေကျူးကျော်ခြင်း ၊ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ခြင်းမရှိဘဲ ယခုကဲ့သို့ CNF/CNA မှ စစ်ကောင်စီနှင့် နှစ်ဖက်ညှပ်ကာ တိုက်ခိုက်ခြင်းကို ပြင်းပြင်းထန်ထန်ရှုံ့ချပြီး ခုခံတွန်းလှန်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းညီနောင်သည် ချင်းညီနောင်စစ်ဆင်ရေး ကနဦးအဆင့်အဖြစ် မဟာမိတ်များနှင့်အတူ မတူပီမြို့ရှိ စစ်ကောင်စီတပ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီ၏ မတူပီအခြေစိုက် ခမရ (၃၀၄)အား ယနေ့ ဇွန်လ (၁၈) ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ထားသည်။

#TachileikNewsAgency