၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး (၁)ဦး အပါအဝင် တပ်သားနှင့် ရဲ (၃၃)ဦး CDM ပြုလုပ်အလင်းဝင်ရောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် ထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများနှင့် ပကဖများ သို့ ဆက်သွယ်ကာ စစ်ကောင်စီတပ်မှ အရာရှိအဆင့် ဗိုလ်မှူး (၁)ဦးအပါအဝင် တပ်သားနှင့်ရဲ (၃၃)ဦး CDM ပြုလုပ် အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ (၃၃)ဦးတွင် လက်နက်နှင့်တကွ အလင်းဝင်ရောက်လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလအတွင်း CDM ပြုလုပ် အလင်းဝင်ရောက်လာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ (၂၀)လက်နှင့် ခဲယမ်းမီးကျောက်များ ရရှိခဲ့သည်ဟု ဆိုသည်။
အာဏာသိမ်းပြီး (၃)နှစ်ကျော်ကာလအတွင်း စစ်သား (၃၇၀၀)ကျော်နှင့် ရဲတပ်ဖွဲ့ဝင် (၁၁,၀၀၀)ကျော် စုစုပေါင်း (၁၄,၇၀၀)ဦးခန့် CDM ပြုလုပ် အလင်းဝင်ရောက်ခဲ့ပြီး ၊ အလင်းဝင်ရောက်သူများနှင့် ၎င်းတို့၏ မိသားစုဝင်များအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီပံ့ပိုးပေးထားကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
စစ်ကောင်စီတပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ်စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ်ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်း အသိပေးထားသည်။
#TachileikNewsAgency
Photo:Ministry of Defence - National Unity Government of Myanmar