ရက္ခိုင့်တပ်တော်(AA)က မြို့နယ်ပေါင်း (၆)မြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းအားလုံးကို သိမ်းပိုက်ထားနိုင်ပြီး လက်ကျန်မြို့များကို သိမ်းပိုက်နိုင်ရေး ဆက်လက် ထိုးစစ် ဆင်သွားမည်

ရက္ခိုင့်တပ်တော်(AA)က မြို့နယ်ပေါင်း (၆)မြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းအားလုံးကို သိမ်းပိုက်ထားနိုင်ပြီး လက်ကျန်မြို့များကို သိမ်းပိုက်နိုင်ရေး ဆက်လက် ထိုးစစ် ဆင်သွားမည်
ဖေဖော်ဝါရီ 16, 2024 | 2021 Military Coup| အခြားဒေသများ

 ရခိုင်ပြည်နယ်နှင့် ပလက်ဝဒေသအတွင်း  မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ရက်ပေါင်း (၁၁၀)ကျော်တွင် ရက္ခိုင့်တပ်တော်(AA)က မြို့ပေါင်း(၆)မြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများကို သိမ်းပိုက်ရယူနိုင်ခဲ့ပြီ ဖြစ်ပြီး ဆက်လက်၍လည်း လက်ကျန်မြို့များရှိ တပ်စခန်းအားလုံးကို တစ်ခုမကျန် သိမ်းပိုက်ရရှိရေး ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်(AA) အနေဖြင့် ယခင်က ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များအတိုင်း လုပ်ဆောင်နေလျှက်ရှိပြီး လက်ရှိ သိမ်းဆည်းရရှိထားသည့် ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် မြေပုံမြို့နယ်များရှိ အာဏာသိမ်းစစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများအပြင် ရခိုင်ပြည်နယ်အတွင်း လက်ကျန်မြို့များရှိ စစ်ကောင်စီ၏  စစ်ဘက်၊ ရဲဘက် တပ်စခန်း အားလုံး တစ်ခုမျှ မကျန်စေရေး စစ်ရေးရည်မှန်ချက်အတိုင်း စစ်ရေးဗျူဟာမြောက်စွာဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့ ညပိုင်းက သတင်းထုတ်ပြန်ထားရှိသည်။

ရခိုင်ပြည်နယ်အတွင်း မြို့နယ်ပေါင်း (၁၇)မြို့နယ်ရှိပြီး မြို့နယ်များအောက်တွင် မြို့ခွဲများအဖြစ် မြို့(၂၉)မြို့ရှိရာ ရက္ခိုင့်တပ်တော်(AA) အနေဖြင့်  ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ အဓိက စခန်းများရှိသည့် မြို့နယ်အနေဖြင့် ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် မြေပုံမြို့နယ်များကို သိမ်းပိုက်ထားခဲ့သလို ချင်း  - ရခိုင်နယ်စပ်ရှိ ပလက်ဝမြို့နယ်ကိုလည်း သိမ်းပိုက်ထားရှိသည်။

ကုန်းကြောင်း နှင့် ရေကြောင်း တိုက်ပွဲများအတွင်း အာဏာသိမ်း စစ်ကောင်စီဘက်က တင့်ကားများနှင့်လက်နက်ကြီး လက်နက်ငယ်များစွာ ဆုံးရှုံးခဲ့သလို တပ်မမှူး တာဝန်ယူထားသည့် ဗိုလ်မှူးချုပ် နှင့် ဒုဗိုလ်မှူးကြီး အဆင့်ရှိ အရာရှိကြီးများ သေဆုံးသည်များရှိသလို အရှင်ဖမ်းခံရသည့် ဖြစ်စဉ်များပါရှိခဲ့သည်။

ကျောက်တော်မြို့နယ်အတွင်း ကုန်းကြောင်း နှင့် ရေကြောင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ရေတပ် (၈၁)ဦး၊ ရဲ (၁၈)ဦး၊ အရာရှိ စစ်သည် (၄၈၂)ဦး စုစုပေါင်း (၅၈၁)ဦး သေဆုံးခဲ့ကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူများထံက သိရသည်။

 လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီတပ်သည့် တိုက်ပွဲပြင်းထန်နေသည့် မောင်တော၊ ရသေ့တောင် နှင့် ရမ်းဗြဲမြို့နယ်တို့ကို ကုန်းကြောင်း၊ ရေကြောင်း နှင့် လေကြောင်းတို့ဖြင့် အပြင်းအထန် ခုခံကာကွယ်နေလျက်ရှိရာ ရက္ခိုင့်တပ်တော်(AA)ဘက်က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေလျက်ရှိကြောင်း သိရသည်။