နေ့စဉ်နှင့်အမျှ လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့်ပါ ဒေသအနှံ့အပြားတွင် တိုက်ခိုက်မှုများလုပ်နေသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလကုန်သည်အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲထားသည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင်နှင့် နေပြည်တော်တွင် တွေ့ဆုံမှုအတွင်း ပြောကြားသည်ဟု ဆိုသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAO)များနှင့် ၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီးဖြစ်ပြီး ၂ဝ၂၂ နှစ်ကုန်အထိ ထပ်မံတိုးမြှင့်သွားရန်လည်း အသိပေးခဲ့သည်။
ဟု အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့ ဇန်နဝါရီလ (၇) ရက်နေ့တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင်နှင့် နေပြည်တော်၌ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ပြောကြားနေချိန်မှာပင် ကရင်နီ(ကယား)ပြည်နယ်ရှိ ကရင်နီတပ်မတော်/ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KA/KNP)၏ နယ်မြေများကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ တိုက်ခိုက်မှုပြုလုပ်နေခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းပြီးကတည်းက တစ်နိုင်ငံလုံးမှ အာဏာသိမ်းမှုလက်မခံသည့်ပြည်သူများအား ရက်စက်စွာ အကြမ်းဖက်နှိမ်နှင်းနေသည့် အာဏာသိမ်းအဖွဲ့၏ စစ်တပ်သည် ကရင်၊ ချင်း၊ ကချင်၊ ကရင်နီ(ကယား)နှင့် မိုင်းလားဒေသများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခြင်းအပြင် လေကြောင်းမှ တိုက်ခိုက်မှုများ လုပ်နေရင်း ယင်းကဲ့သို့ ပြောဆိုနေခြင်းဖြစ်သည်။
ယင်းအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေးကို အခြေအနေကြည့်၍ ၂၀၂၂ ခုနှစ် နှစ်ကုန်အထိ ဆက်တိုးကောင်း တိုးဖွယ်ရှိပြီး အာဆီယံဥက္ကဌ၏ အထူးကိုယ်စားလှယ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုတွင် ပါဝင်ရန်ကြိုဆိုသည်ဟုပင် ဆိုထားသည်။
အာဏာသိမ်းပြီး (၁၁)လကြာသည်အထိ နိုင်ငံတကာ အပယ်ခံဖြစ်နေသည့် စစ်အာဏာသိမ်းအဖွဲ့ထံသို့ ပထမဆုံးလာရောက်သည့် ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ခရီးစဉ်ကို မြန်မာပြည်သူများက ကန့်ကွက်ဆန္ဒပြခဲ့ကြသည့်အပြင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ရှုံ့ချမှုများရှိခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းခေါင်းဆောင်သည် ၂၀၂၁ ခုနှစ်က ၎င်းကိုယ်တိုင်သွားရောက်ခဲ့ပြီး သဘောတူခဲ့သည့် အာဆီယံသဘောတူညီချက် (၅) ချက်အား ဆောင်ရွက်ရန်ပျက်ကွက်သဖြင့် အာဆီယံသမိုင်းတွင် ပထမဆုံးအနေဖြင့် ထိပ်သီးအစည်းအဝေးတက်ခွင့်ပိတ်ပင်ခံရသူဖြစ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါအဖြစ်အပျက်အပြီးတွင် အာဆီယံဥက္ကဌအဖြစ် အလှည့်ကျတာဝန်ယူရသည့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင်က မြန်မာ့အရေးကို အာဆီယံအနေဖြင့် အဖြေရှာရန်ဟုဆိုကာ ကန့်ကွက်မှုအများအပြားရှိနေသည့်ကြားက ၎င်း၏တစ်ရက်တာ ခရီးစဉ်ဖြင့် လာရောက်ခဲ့ခြင်းဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က မူလဆုံးဖြတ်ချက်အတိုင်း ရပ်တည်မည်ဟု သဘောထားထုတ်ပြန်ထားကြသည်ကိုလည်း တွေ့ရသည်။
နေပြည်တော်သို့လာသည့် ခရီးစဉ်နှင့်ပတ်သက်၍ ကမ္ဘောဒီးယားဝန်ကြီးချုပ်က ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ထားသည်။