ပခုက္ကူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်

ပခုက္ကူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်

မကွေးတိုင်း ပခုက္ကူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း မြိုင်-ပကဖ က ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပခုက္ကူမြို့နယ် မြစ်ခြေနှင့် ကမ္မလမ်းကြောကြား တစ်နေရာတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်နေ့၌ အင်အား (၁၅၀)ခန့် ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ  (၄၅) မိနစ်ခန့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲသည် စစ်ကောင်စီစစ်ကြောင်း၏ ရှေ့ပြေးပွိုင့်နှင့် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရှေ့ပြေးထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀)ခန့် ထိခိုက်သေဆုံးနိုင်ကာ ၊ နောက်မှ ထပ်တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀)ခန့်လည်း ထိခိုက်မှုများ ရှိနိုင်ကြောင်း မြိုင်-ပကဖ က ဆိုသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့များဘက်မှ တပ်ဖွဲ့ဝင် (၂)ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့ကြကြောင်း ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုအား ပကဖ အမှတ် (၁)တပ်ရင်း ၊ မြိုင် ပကဖ ၊ ပေါက် ပကဖ ၊ ကမ္မတပ်ပေါင်းစုနှင့် ဧရာဒေါင်းတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

#TNA_LE

Photo:မြိုင် ပကဖ