ရှမ်းပြည်နယ် မြောက်ပိုင်းရှိ လားရှိုးမြို့အတွင်းရှိ UWSA တပ်ဖွဲ့ဝင်တချို့ ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၈)ရက်နေ့ ညပိုင်းတွင် လားရှိုးမှထွက်ခွာသွားသော်လည်း တပ်ဖွဲ့ဝင်အများအပြားကျန်ရှိနေသေးသည်ဟု ဒေသခံများထံမှ သိရသည်။
ဇူလိုင်လ (၂၇)ရက်နေ့ ညပိုင်းတွင် MNDAAက တိုက်ခိုက်သိမ်းပိုက်နေသည့် လားရှိုးမြို့ကို UWSA တပ်များ ဝင်ရောက်လာခြင်းဖြစ်သည်။
"ဝ တပ် အကုန်မထွက်သွားဘူး။ လားရှိုးမှာ အများကြီးကျန်ခဲ့တယ်။ ဆက်ဆံရေးရုံးက ဝ လူမျိုးတွေကို ပြန်ထုတ်သွားတာ။ ဒါပေမယ့် တပ်ဖွဲ့တွေက ရှိသေးတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။
လားရှိုးမြို့ရှိ ဝ ပြည်ဆက်ဆံရေးရုံးမှ တပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများကို လာရောက်ခေါ်ထုတ်ခြင်းဖြစ်ပြီး ကား(၃)စီးအပြည့် လုံခြုံရေးယူကာ ထွက်ခွာသွားသည်ဟု သိရသော်လည်း လားရှိုးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက Tachileik News Agency ကို အတည်ပြုပြောဆိုခြင်း မရှိပါ။
လားရှိုးမြို့ရှိတိုင်းရင်းသားပေါင်းစုံများ၏ လိုလားချက်အရ လားရှိုးမြို့နယ်ရှိ UWSA ပြင်ပဆက်ဆံရေးရုံးများနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်အတွက် ဝ ပြည်နယ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ယမန်နေ့ညက လားရှိုးမြို့သို့ တရားဝင် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဦးညီရန်းကဆိုသည်။
“မြို့သို့မဝင်မီတွင် တိုက်ပွဲဖြစ်ပွားနေတဲ့ အဖက်ဖက်တို့ကို အကြောင်းကြားခဲ့ပြီး ၎င်းတို့၏သဘောတူညီချက်နှင့် အဆင်ပြေစွာဝင်ရောက်ခဲ့တာဖြစ်တယ်။ လားရှိုးမြို့တွင် တပ်စွဲထားတဲ့ကျနော်တို့ ဝ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တိုက်ပွဲဖြစ်ပွားနေတဲ့ အဖက်ဖက်တို့ကို ဝင်ရောက်စွက်ဖက်ခြင်း၊ ပူးပေါင်းခြင်းနဲ့ ပံ့ပိုးပေးခြင်းများ လုပ်ဆောင်မှာမဟုတ်ပါ။ လားရှိုးမြို့နှင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးအမြန်ဆုံးရဖို့ကို ဝ ပြည်နယ်က မျှော်လင့်ပါတယ်။”ဟု UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက Tachileik News Agency ကိုပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၁၀)ရက်နေ့ကလည်း တန့်ယန်းမြို့ကို UWSAတပ်က သံလွင်မြစ် အနောက်ဘက်ခြမ်းကိုကူး၍ အင်အားထောင်ချီဖြင့် ဝင်ရောက်ခဲ့သည်။
#TachileikNewsAgency