၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၏ ရွေးကောက်ခံ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကို ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၅) ရက်နေ့၌ ဖွဲ့စည်းလိုက်ပြီး တိုင်းရင်းသားနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်နိုင်ရေး ဆက်လက်ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူတို့ယုံကြည်အပ်နှံလိုက်သော တာဝန်များကို ဦးလည်မသုန်ထမ်းဆောင်နိုင်ရေး၊ နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဖမ်းဆီးထားသူများအားလုံး အမြန်ဆုံးနှင့် ချွင်းချက်မရှိ လွတ်မြောက်ရေး၊ ပြည်ထောင်စုလွှတ်တော်၏ ပုံမှန်လုပ်ငန်းများလုပ်ကိုင်နိုင်ရေးအတွက် လိုအပ်သော ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် အဆိုပါ ကော်မတီကို ဖွဲ့စည်းခြင်းဖြစ်သည်ဟု သိရသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw -CRPH) ကို ဖေဖေါ်ဝါရီလ (၅) ရက်နေ့တွင် Online Conferencing System ဖြင့် အရေးပေါ်အစည်းအဝေး ကျင်းပပြီး ဖွဲ့စည်းလိုက်ခြင်းဖြစ်ကာ အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၂၉၈) ဦးတက်ရောက်ခဲ့ပြီး ဒိန်းမတ်၊ ဆွီဒင်၊ အမေရိကန်ပြည်ထောင်စု နှင့် ချက်ရီပက်ဘလစ်နိုင်ငံ သံရုံးများမှ ကိုယ်စားလှယ်များ ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ကြောင်း သိရသည်။
Tachileik News Agency