မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်အမြောက်တပ်က လွတ်လပ်ရေးနေ့တွင် လက်နက်ကြီးနှင့်ပစ်ခတ်ရာ အရပ်သားတစ်ဦး ဒဏ်ရာရပြီး နွား(၅)ကောင် ထိမှန်သည်ဟု ဒေသခံများထံမှ သိရသည်။
သိမ်ဇရပ်အမြောက်တပ် (အမှတ်-၃၁၀)က ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့ နံနက်ပိုင်းက စတင်ကာ လက်နက်ကြီးနှင့် ဆက်တိုက်ပစ်ခတ်နေခြင်းဖြစ်ပြီး သိမ်ဇရပ်မြို့ စစ်ကွင်းရွာနှင့် မုက္ခမော့ရွာတို့ကို ကျရောက်ပေါက်ကွဲကာ ဒေသခံတစ်ဦး ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။
“မနက် (၄) နာရီကစပြီး လက်နက်ကြီးနဲ့စပစ်တာ တောက်လျောက်ပဲ။ စစ်ကွင်းရွာက အသက် (၂၅)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး အစမှန်သွားတယ်။ လက်ကိုထိသွားတယ်ပေါ့နော်။ မုက္ခမော့ရွာက နွား (၅) ကောင်ထိတယ်။ လက်နက်ကြီးကော လက်နက်ငယ်နဲ့ကော တောက်လျောက်ပစ်နေတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီတပ်သည် နံနက်ပိုင်းကစတင်ကာ ယနေ့ နေ့လယ်(၁၂)နာရီအထိ လက်နက်ကြီး (၁၀)ကျော်ပစ်ခတ်ပြီး ဖြစ်ကာ ဆက်လက်ပစ်ခတ်နေဆဲဖြစ်သဖြင့် ဒေသခံများထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု ဆိုသည်။
“မနက် (၄)နာရီလောက်မှာပစ်တယ်။ ၆ နာရီလောက်မှာ ခဏနားတယ်။ အခုနောက်ပိုင်း ပြန်ပစ်နေတယ်။ (၁၀)လုံး ကျော်ပြီ။”ဟု ဒေသခံတစ်ဦးကလည်း Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီတပ်သည် စစ်ကွင်း၊ မုက္ခမော့၊ အခိုင်၊ ဝါးဒတ်ကွင်းနှင့် သုံးခွရွာတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်ဟု ဆိုသည်။
“သိမ်ဇရပ်မှာတော့ လွတ်လပ်ရေးနေ့အတွက် ပျော်ပွဲရွှင်ပွဲလုပ်နေပေမယ့် သိမ်ဇရပ်အမြောက်တပ်ကတော့ ရွာတွေဘက်ကို လက်နက်ကြီးနဲ့ပစ်နေတာ။ ဒေသခံတွေကတော့ ပြေးနေကြရပြီ။”ဟု သူက ဆက်ပြောသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့ကျရောက်သည့် (၇၇)ကြိမ်မြောက် လွတ်လပ်ရေးနေ့တွင် တရားသော စစ်အောင်မြင်ရေးအတွက် ပြည်သူတစ်ရပ်လုံးက ယုံကြည်စွာ ဝန်းရံပေးကြရန် ပြောဆိုထားသည်။
နိုင်ငံသူ၊ နိုင်ငံသားအားလုံး စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံတော်ကို ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ထိန်းသိမ်းသွားကြရန်လည်း တိုက်တွန်းသည်။
#TachileikNewsAgency
#TNA_MAT