Palaw-KPDFကို KNDOအဖြစ် တရားဝင် ပြောင်းလဲရပ်တည်

Palaw-KPDFကို KNDOအဖြစ် တရားဝင် ပြောင်းလဲရပ်တည်

တနင်္သာရီတိုင်း ပုလောဒေသတွင် အခြေပြု စစ်ရေးလှူပ်ရှားနေသည့် Palaw KPDFသည် ကရင်အမျိုးသားကာကွယ်‌ရေးတပ်ဖွဲ့ (KNDO)အဖြစ် ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း သိရသည်။

ပုလောမြို့နယ်အခြေစိုက် Palaw-KPDFတပ်ဖွဲ့သည် KNU တပ်မဟာ(၄) လက်အောက်ခံ KNU/KNDO အမှတ်(၇) တပ်ရင်း၊ တပ်ခွဲ (၅)အဖြစ် တရားဝင် ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

"KNU/KNDOအဖြစ် ပြောင်းလဲလိုက်ခြင်း ရည်ရွယ်ချက်က ကရင်တိုင်းရင်သားတွေအားလုံး လူမျိုးစုအားလုံး ပိုပြီးစည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဖြစ်စေချင်ပါတယ်။ နောက်ပြီးတော့ အာဏာရှင်ကို အပြီးပိုင်တိုက်ထုတ်ဖို့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ပိုမိုပြီး အင်အားတောင့်တင်းမှု အားကောင်းလာစေဖို့နဲ့ ကော်သူလေးနယ်မြေ ပြန်လည်ထိန်းချူပ်နိုင်ဖို့ ပြောင်းလဲလိုက်ခြင်းဖြစ်ပါတယ်။"ဟု KNDO တပ်ရင်း(၇) တပ်ခွဲ(၅) တပ်ခွဲမှူး စောဗဟုက Tachileik News Agencyကို ယနေ့ ဇူလိုင်လ (၄)ရက်နေ့တွင် ပြောသည်။

Palaw-KPDFသည် ယခင်ကတည်းကပင် KNU၏ လက်အောက်ခံအနေဖြင့် KNU၏ Chain of Command အောက်‌တွင် စစ်ဆင်ရေးများကို ဖော်ဆောင်နေသည့် တပ်ဖွဲ့ဖြစ်ကာ NUGထောက်ပံ့မှုနှင့် ရပ်တည်ခြင်းမဟုတ်ဘဲ ပြည်သူလူထု၏ ထောက်ပံ့မှုနှင့် ရပ်တည်နေသည့် တပ်ဖွဲ့ဖြစ်သည်ဟု ၎င်းကဆိုသည်။

"နဂိုကတည်းက ကျွန်တော်တို့က နယ်မြေခံလေ။ နယ်မြေခံဆိုတော့ KNDO တပ်ရင်း(၇)တပ်ခွဲ(၅)အဖြစ်ပြောင်းလဲလိုက်တယ်ဆိုပေမယ့် ကျွန်တော်တို့က ကိုယ့်ရဲ့ရှိနေတဲ့ Local PDFတွေ၊ စစ် ကြောင်းတွေ၊ NUG အောက်ကသွားနေတဲ့အဖွဲ့တွေပေါ့ ဒါတွေက တော့ ကျွန်တော်တို့ စစ်ရေးလှူပ်ရှားမှုတွေ ပူးပေါင်းလုပ်ဆောင်မှုတွေကတော့ အစကတည်းကရှိပြီးသားပေါ့နော်။ အခုလည်းဆက်ပြီးတော့ရှိနေတာပဲ။ ဆက်ပြီး လှုပ်ရှားမှုတွေရှိနေတာပေါ့။"ဟု တပ်ခွဲမှူး စောဗဟုက ဆက်ပြောသည်။

Palaw KPDFအဖြစ် စတင်မဖွဲ့စည်းမီတွင် ဒေသခံအဖွဲ့အဖြစ် ပုလောဒေသ၌ တူးမီးသေနတ်များဖြင့် စစ်ရေးလှုပ်ရှားခဲ့ပြီးနောက် ၂၀၂၂ခုနှစ် ဇန်နဝါရီလ (၃)ရက်နေ့တွင် Palaw KPDFကို စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

Palaw KPDFကို စတင်ဖွဲ့စဉ်ကတည်းက KNUနှင့် စစ်ရေးပူးပေါင်း လုပ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ပုလောဒေသတွင် စစ်ရေးလှုပ်ရှားမှု တိုက်ပွဲပေါင်း (၄၄)ကြိမ် ရှိခဲ့ကာ စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံးခဲ့ကာ Palaw-KPDFတပ်ဖွဲ့မှ ရဲဘော် (၂)ဦးကျဆုံးခဲ့ရပြီး (၁၁)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : KIC