ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ကော်သူးလေးအုပ်ချုပ်နယ်မြေအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် BGF တို့ ပါဝင်သည့် အဖွဲ့နှင့် ကရင်တပ်ပေါင်းစုတို့ ဧပြီလအတွင်း တိုက်ပွဲပေါင်း (၅၀၇)ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား(၃၅၆)ဦးသေခဲ့ကြောင်း KNU က ယနေ့ မေလ(၇)ရက်တွင် သတင်းထုတ်ပြန်လာသည်။
KNLA၊ KNDO နှင့် ပူးပေါင်းတပ်ဖွဲ့များသည် အာဏာသိမ်းစစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် (BGF)တို့နှင့် ဧပြီလအတွင်း နေ့စဥ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ်နှင့် နယ် ခြားစောင့်တပ် (BGF)တပ်မှ (၃၅၆) ဦးသေကာ (၁၉၄)ဦးဒဏ် ရာရခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲများအတွင်း KNLA၊ KNDOနှင့် ပူးပေါင်းတပ်ဖွဲ့များမှ တိုင်းပြည်လွတ်မြောက်ရေးအတွက် (၁၅)ဦးကျဆုံးခဲ့ရကာ (၃၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် နယ်ခြားစောင့်တပ် (BGF) တို့၏ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှု၊ ရည်ရွယ်ချက်ရှိရှိပစ်ခတ်မှု နှင့် လေကြောင်းမှတိုက်ခိုက်မှုတို့ကြောင့် ပြည်သူ(၁၀)ဦး သေဆုံးခဲ့ရပြီး (၃၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။