NUG ဝန်ကြီးချုပ်က ထိုင်းဝန်ကြီးချုပ်သစ်ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့

NUG ဝန်ကြီးချုပ်က ထိုင်းဝန်ကြီးချုပ်သစ်ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အသစ် H.E. Ms. Paetongtarn Shinawatra ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ကြောင်း သိရသည်။ 



မြန်မာပြည်သူများ၏ကိုယ်စား ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက H.E. Ms. Paetongtarn Shinawatra အား နွေးထွေးစွာ ဂုဏ်ပြုဝမ်းမြောက်ကြောင်း ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၉)ရက်နေ့က သဝဏ်လွှာပေးပို့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 

ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံး ၀န်ကြီးချုပ်ဖြစ်ကာ ဒုတိယမြောက်အမျိုးသမီးအဖြစ် ဝန်ကြီးချုပ်တာဝန်ကိုထမ်းဆောင်မည်ဖြစ်သဖြင့် ဂုဏ်ယူကြောင်း၊ ထိုင်းနိုင်ငံက အမျိုးသမီးများသာမက ကမ္ဘာတဝှမ်းရှိ အမျိုးသမီးများအတွက်ပါ အင်အားကြီးသည့် လှုံ့ဆော်မှုဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြသည်။ 

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးတော်ပုံတွင် ထိုင်းနိုင်ငံက ဆက်လက်ပံ့ပိုးမှုနှင့် မြန်မာပြည်သူများကို ကူညီပေးနေသည်များအတွက် အိမ်နီးချင်း ထိုင်းနိုင်ငံကို ကျေးဇူးတင်ကြောင်းလည်း ဖော်ပြထားသည်။ 

ထို့အပြင် မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသည့် အကျပ်အတည်များဖြေရှင်းရာတွင် ဆက်လက်ပံ့ပိုးကူညီပေးရန်၊ (၇၆)နှစ်နီးပါ တည်မြဲခဲ့သော နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန်အတွက် လေးလေးနက်နက် ဂုဏ်ယူဝမ်းမြောက်သည်ဟုလည်း ဖော်ပြထားသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နှစ်နိုင်ငံ ဘုံအကျိုးစီးပွားနှင့် နှစ်နိုင်ငံပြည်သူများကောင်းစားရေး ပူးပေါင်းဆောင်ရွက်မည်ဟုလည်း ဆိုသည်။ 

အထူးသဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပြန်လည်ရှင်သန်လာစေရေးဆိုင်ရာကိစ္စ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စ၊ နယ်စပ်လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတွေ တိုက်ဖျက်ရေးနှင့် ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်ရေးတို့ကို ပူးပေါင်းလုပ်ဆောင်ကြရန်လည်း တိုက်တွန်းကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

#TachileikNewsAgency