လက်ပံတန်းမြို့နယ်အပိုင် ပဲခူးရိုးမပေါ်သို့တက်လာသည့် စစ်ကောင်စီစစ်ကြောင်း ထပ်မံ စောင့်ကြိုတိုက်ခိုက်ခံရ

လက်ပံတန်းမြို့နယ်အပိုင် ပဲခူးရိုးမပေါ်သို့တက်လာသည့် စစ်ကောင်စီစစ်ကြောင်း ထပ်မံ စောင့်ကြိုတိုက်ခိုက်ခံရ

ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်အပိုင် ပဲခူးရိုးမပေါ်သို့တက်လာသည့် စစ်ကောင်စီစစ်ကြောင်းအား တော်လှန်ရေးအင်အားစုများက စောင့်ကြိုတိုက်ခိုက်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၂) မှ ၂၀၂၄ ခုနှစ် သြဂုတ်လ (၂၈) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

လက်ပံတန်းမြို့နယ်အပိုင် ပဲခူးရိုးမပေါ်သို့တက်လာသည့် အင်အား (၁၀၀) ကျော်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းအား သြဂုတ်လ (၂၇) ရက်နေ့ ညနေ (၄) နာရီခန့်တွင် တောင်တန်းမြိုင်ကျေးရွာအနီး၌ တော်လှန်ရေးအင်အားစုများက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အပြန်အလှန် လက်နက်ကြီး ၊ လက်နက်ငယ် ပစ်ခတ်မှု (၁) နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီစစ်ကြောင်းအား ထန်းပင်ချောင်ရွာရှိ စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးပစ်ကူများ ပေးခဲ့ကာ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်သည့်အတွက် တော်လှန်ရေးအင်အားစုများ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ (၂၀) ကျော်သေဆုံးခဲ့ပြီး သေဆုံးသူများထဲတွင် တပ်ရင်းမှုးအဆင့် တာဝန်ယူထားသူတစ်ဦး ပါဝင်ကြောင်းသိရ၍ ၎င်း၏ အချက်အလက်များအား ဆက်လက်စုံစမ်းနေကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၂) က ဆိုသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုများဘက်က တပ်ဖွဲ့ဝင် (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအား သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ မှ တပ်ခွဲ (၂)၊ တပ်ခွဲ (၃) ၊ တပ်ခွဲ (၆) ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ သာယာဝတီဂဠန်တပ်ဖွဲ့ ၊ မိုးညိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနီး သွားလာနေထိုင်မှုများ မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၂) က အသိပေးထားသည်။

ပြီးခဲ့သည့် သြဂုတ်လ (၂၄) ရက်နေ့ကလည်း လက်ပံတန်းမြို့နယ်အပိုင် ပဲခူးရိုးမပေါ်သို့တက်လာသည့် စစ်ကောင်စီစစ်ကြောင်း စောင့်ကြိုတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်မှ (၂၀) ကျော်သေဆုံးပြီး စစ်သုံ့ပန်းအဖြစ် (၁၀) ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency