ဧပြီလအတွင်း USDP ပါတီက နိုင်ငံအနှံ့တွင် ရွေးကောက်ပွဲဆိုင်ရာလှုပ်ရှားမှု အများဆုံးပြုလုပ်

ဧပြီလအတွင်း USDP ပါတီက နိုင်ငံအနှံ့တွင် ရွေးကောက်ပွဲဆိုင်ရာလှုပ်ရှားမှု အများဆုံးပြုလုပ်

မြန်မာနှစ်သစ်ကူးပြောင်းချိန် သင်္ကြန်ပွဲကာလ ဧပြီလအတွင်း စစ်တပ်နောက်ခံရှိသည့် USDP ပါတီက လူထုစည်းရုံးရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားမှုများကို အခြားနိုင်ငံရေး ပါတီများထက် အများဆုံးလုပ်ဆောင်ကြောင်း Burma Affairs & Conflict Study အဖွဲ့၏ အချက်အလက်နှင့် စာရင်းကောက်ယူမှုအရသိရသည်။

ဧပြီလအတွင်း USDP ပါတီက ရွေးကောက်ပွဲဆိုင်ရာလှုပ်ရှားမှု အများဆုံးပြုလုပ်ထားပြီး PPP ပါတီက ဒုတိယအများဆုံးဖြစ်သော်လည်း အကြိမ်ရေနှင့် ကြည့်ပါက ကွာဟချက်ကြီးမားနေဆဲ ဖြစ်ကြောင်း BACS အဖွဲ့၏ အချက်အလက်ကောက်ယူမှုအရသိရသည်။

USDP နှင့် PPP ပါတီတို့၏နောက်တွင် NUP ပါတီက တတိယအများဆုံးအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားမှုပြုလုပ်ခဲ့ပြီး ဦးကိုကိုကြီး ဦးဆောင်သည့် PP ပါတီသည်လည်း လှုပ်ရှားမှုအကြိမ်ရေ နည်းပါးခဲ့ပေမယ့် လစဉ်လှုပ်ရှားလာသည်ကိုမြင်တွေ့ရကြောင်း BACSမှ ဆိုသည်။

၂၀၂၄ ခုနှစ် ဧပြီလသည် သင်္ကြန်ကာလဖြစ်သည့်အတွက် ပါတီလှုပ်ရှားမှုများသည် အရေအတွက်အားဖြင့် မတ်လထက် လျော့နည်းသွားခဲ့သော်လည်း သင်္ကြန်အထိမ်းအမှတ်ပွဲကို အကြောင်းပြ၍ လူထုစည်းရုံးရေးအနေဖြင့် လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

လှုပ်ရှားမှု အမျိုးအစားများအနေဖြင့် လူထုစည်းရုံးရေးကို အများဆုံးလုပ်ဆောင်ခဲ့ကြပြီး ယခင်လများကဲ့သို့ပင် ဘာသာရေး အသုံးချစည်းရုံးခြင်း၊ ကျောင်း၊ ရပ်ရွာ သာယာရေး လုပ်အားပေးပြပြီး စည်းရုံးခြင်း၊ ရပ်ကျေးကွင်းဆင်းပြီး ဟောပြောစည်းရုံးခြင်း၊ လူမှုရေးအလှူအတန်းပြပြီး စည်းရုံးခြင်းနှင့် USDP ပါတီအနေဖြင့် ၄င်းတို့၏ ပြည့်မဏ္ဍိုင်စီမံကိန်းအရ စည်းရုံးခြင်းများကို လုပ်ဆောင်ခဲ့ကြကြောင်းသိရှိရသည်။

သင်္ကြန်ကာလအတွင်း USDP ပါတီက United Russia ပါတီနှင့် တွေ့ဆုံပြီး နှစ်ပါတီ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

United Russia ပါတီနှင့် USDP တို့သည် ယခင်ကတည်းက မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတွင်ပါ အကြိမ်ကြိမ်တွေ့ဆုံမှုများရှိခဲ့ပြီး ၄င်းတို့၏ ဆွေးနွေးချက်များကို ယေဘုယျ အပေါ်ယံသာ ထုတ်ပြန်ကြပြီး ဆွေးနွေးချက်အသေးစိတ်ကိုမူ ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။

ဧပြီလအတွင်း နိုင်ငံရေးပါတီများက နေပြည်တော်၊ ပဲခူး၊ မန္တလေး၊ ရန်ကုန်နှင့် ဧရာဝတီ စသည့် တိုင်း ၅ တိုင်းတွင်သာ လှုပ်ရှားမှုရှိခဲ့ပြီး ပြည်နယ်များတွင် လှုပ်ရှားမှုမတွေ့ခဲ့ရကြောင်း BACS၏ အချက်အလက် ကောက်ယူမှုအရသိရသည်။

BACS အဖွဲ့သည် စစ်ကောင်စီ သတင်းချန်နယ်များ ၊ လော်ဘီချန်နယ်များတွင် ပါဝင်သည့် စစ်ကောင်စီ၏ လှုပ်ရှားမှုနှင့် ဝါဒဖြန့်အကြောင်းအရာများကို စောင့်ကြည့်ပြီး စာရင်းနှင့်အချက်အလက်ကောက်ယူခြင်းနှင့် တော်လှန်ရေးအင်အားစုများ သတိပြုရမည့် စစ်ကောင်စီ၏ လှုပ်ရှားမှုနှင့် ဝါဒဖြန့်အကြောင်းအရာများကို လစဉ်နှင့် အပတ်စဉ် ဖော်ထုတ်တင်ပြနေသည့် အဖွဲ့တစ်ခုဖြစ်သည်။

#TachileikNewsAgency

Photo: Burma Affairs & Conflict Study