ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ထိန်းချုပ်နယ်မြေအတွင်း မူတြော်ခရိုင်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် KNLA တို့ ဧပြီလ(၁) ရက်နေ့မှ (၁၅)ရက်အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲပေါင်း(၁၇၄)ကြိမ်အတွင်း စစ်ကောင်စီ တပ်သား(၈၁)ဦးသေကာ အများအပြားဒဏ်ရာရကြောင်း KNU က ယနေ့ ဧပြီလ(၁၉)ရက်နေ့တွင် ထုတ်ပြန်လာသည်။
ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၏ တပ်မဟာ(၅)လက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲများမှ အာဏာသိမ်းစစ်ကောင်စီနှင့် အပေါင်းပါ BGF တို့အကြား တိုက်ပွဲပေါင်း (၁၇၄)ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဖက်မှ (၈၁)ဦးသေကာ ယင်းသေဆုံးမှုစာရင်းများထဲတွင် တပ်ခွဲမှူးတစ်ဦး၊ တပ်ကြပ်တစ်ဦး နှင့် ဒု-တပ်ကြပ်တစ်ဦး ပါဝင်ကြောင်း သိရသည်။
KNLA မှ စစ်သည်တစ်ဦးကျဆုံးကာ KNLA ပူးပေါင်းတပ်ဖွဲ့မှ (၇)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီတပ်မှ ဖာပွန် - ကမာမောင်း ကားလမ်းမပေါ်အနီးအနားရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများပစ်ခတ်မှုကြောင့် ဒေသခံ (၂)ဦး သေဆုံးခဲ့ရသည်။
KNLA တပ်မဟာ(၅)မှ အာဏာသိမ်းစစ်ကောင်စီ၏ သယ်ယူပိုဆောင်ရေး မော်တော်ကား (၂)စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။