ပြည်သူ့စစ်မှုထမ်း ဥပဒေကို အသက်သွင်းလိုက်သည့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တပ်မတော်သားများသည် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက် မျှမပါရှိဘဲ နိုင်ငံတော်ကာကွယ် ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် တပ်မတော်အတွင်းသို့ ဝင်ရောက် အမှုထမ်းခဲ့ကြခြင်း ဖြစ်သည်ဟု ပြောဆိုသည်။
“တပ်မတော်သားများသည် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှ မပါရှိဘဲ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် တပ်မတော်အတွင်းသို့ ဝင်ရောက်အမှုထမ်းခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံနှင့်ပြည်သူ အကျိုးအတွက် စွန့်လွှတ် စွန့်စားခြင်းများစွာဖြင့် ပေးအပ်လာသည့် တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ခဲ့ကြသည့်အပြင် အရာရှိ၊ စစ်သည်များအနေဖြင့် ရှေ့တန်းစစ်မြေပြင်တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို ရွပ်ရွပ်ချွံချွံ ထမ်းဆောင် လျက်ရှိသကဲ့သို့ မိသားစုများအနေဖြင့်လည်း မိမိတို့သက်ဆိုင်ရာတပ်များအလိုက် လိုက်လံနေထိုင်၍ ပါရမီဖြည့်လျက်ရှိကြကြောင်း" ပြောဆိုသည်။
နေပြည်တော် တောင်ညိုတပ်နယ်ရှိ နယ်မြေခံလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်(တောင်ညို)တွင် ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၂)ရက်နေ့က ၎င်း၏ လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားခြင်း ဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် လူဦးရေသည် (၅၂)သန်းခန့်ရှိပြီး အမျိုးသား(၄၇)ရာခိုင်နှုန်းနှင့် အမျိုးသမီး(၅၃) ရာခိုင်နှုန်းခန့်ရှိရာ ၎င်းအနက် လူဦးရေ အနည်းငယ်သာ တပ်မတော်သားဘဝကို ခံယူကာ မွန်မြတ်လှသည့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နိုင်ကြခြင်းဖြစ်သည့်အတွက် အများသူငှာ လုပ်ဆောင်နိုင်ရန်ခက်ခဲသည့် တပ်မတော်သားဘဝကို ဂုဏ်ယူတန်ဖိုး ထားကြရန်လိုသည်ဟု စိတ်ဓါတ်ကျနေသည့် ၎င်း၏ တပ်ဖွဲ့ဝင်များကို ချွေးသိပ်စကား ဆိုသည်။
အရပ်သား အစိုးရလက်ထက် (၂)လက်ထက်က အသက်သွင်းခြင်း မရှိခဲ့သည့် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြဌာန်းခဲ့သော ၂၀၁၀ ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်တွေ့အသုံးချရန်အတွက် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် အသက်သွင်းလိုက်ပြီး အသက်(၁၈)နှစ်အထက် လူငယ်များကို မဖြစ်မနေ ပြည်သူ့ စစ်မှုထမ်းရန် စေခိုင်းနေခြင်း ဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းစဉ်က ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် စစ်မှုထမ်းလာသူများကို ရှေ့တန်းသို့ ပို့ဆောင်ခြင်း ပြုလုပ်မည်မဟုတ်ကြောင်း စစ်ကောင်စီ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားထားသော်လည်း လက်တွေ့တွင် စစ်သင်တန်းပြီးပါက ရှေ့တန်း စစ်မြေပြင်သို့ ပို့ဆောင်ခံရ၍ သေဆုံးမှုများစွာ ရှိနေသလို စစ်သုံ့ပမ်းအဖြစ်လည်း ဖမ်းဆီးခံရမှုများပါရှိနေသည်။
စစ်ကောင်စီတပ်ဖွဲ့ထဲသို့ မဖြစ်မနေ ဝင်ရောက်ရန်အတွက် ပြည်သူ့စစ်မှုထမ်းရမည့် သူများအနေဖြင့် စစ်မှုထမ်းရန် ခေါ်ယူမှုကို ငြင်းဆန်ပါက အနည်းဆုံး ထောင်ဒဏ်(၃)နှစ်ကနေ (၅)နှစ်အထိ ချမှတ်ခြင်းဖြင့် အရေးယူမည်ဟုလည်း ခြိမ်းခြောက်ထားသည်။
ယင်းသို့ အကြောင်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်မှုများရှိနေသည့်အတွက် အသက်(၁၈)နှစ်အထက် လူငယ်များမှာ ထွက်ပြေး တိမ်းရှောင်နေကြသလို တော်လှန်ရေးတပ်ဖွဲ့သို့ ဝင်ရောက်သွားသည်များရှိပြီး မည်သည့် နေရာကိုမှ တိမ်းရှောင်နိုင်စွမ်းမရှိသည့် လူငယ်များက စစ်ကောင်စီ၏ ဖိအားပေးခြိမ်းခြောက်မှုကြောင့် စစ်ထဲ ဝင်နေကြရခြင်း ဖြစ်ကြောင်း မြေပြင်သတင်းအချက်အလက်များအရ သိရသည်။
လက်ရှိတွင် မိမိဆန္ဒမပါဘဲ ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် စစ်ကောင်စီတပ်ထဲ ရောက်ရှိနေကြရသည့် လူငယ် အနည်းဆုံး (၅၀,၀၀၀)ဝန်းကျင်အထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။