ပန်းတောင်းမြို့နယ်အစပ် ရခိုင်ရိုးမပေါ်သို့ ကုန်စည်လမ်းကြောင်းဖြတ်တောက်ရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခံရ

ပန်းတောင်းမြို့နယ်အစပ် ရခိုင်ရိုးမပေါ်သို့ ကုန်စည်လမ်းကြောင်းဖြတ်တောက်ရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခံရ

ပဲခူးတိုင်း ပြည်ခရိုင် ပန်းတောင်းမြို့နယ်အစပ် သုံးပြင်ဆုံ ရခိုင်ရိုးမပေါ်သို့ ကုန်စည်လမ်းကြောင်းဖြတ်တောက်ရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကြားဖြတ်တိုက်ခိုက်ကြောင်း ပြည်ခရိုင်တပ်ရင်း - ၃၆၀၂ ထံမှ သိရသည်။

ပန်းတောင်းမြို့နယ်အစပ် သုံးပြင်ဆုံ ရခိုင်ရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသည့် အင်အား (၅၀) ခန့်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် သြဂုတ်လ (၁၈) ရက်နေ့ ညနေ (၄) နာရီခွဲတွင် သုံးပြင်ဆုံသို့အဖြတ်၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄) ဦး သေဆုံးခဲ့ပြီး (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း - ၃၆၀၂ က ဆိုသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ရေးအရှိန်မြှင့်တင်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အတူတကွသွားလာခြင်းများ မပြုလုပ်ကြပါရန် ပြည်ခရိုင်တပ်ရင်း - ၃၆၀၂ က အသိပေးထားသည်။

#TachileikNewsAgency