ကရင်ပြည်နယ် မြဝတီမြို့ကိုတက်မည့် စစ်ကောင်စီတပ်၏ အောင်ဇေယျစစ်ကြောင်းမှ တပ်သား(၂)ဦး လက်နက်မဲ့အလင်းဝင်လာသည်ဟု ဗျူဟာ(၃၁) လုံခြုံရေးတပ်ထံမှ သိရသည်။
စစ်ကောင်စီ တပ်သားနှစ်ဦးဖြစ်သည့် မောင်မိုးနိုင်နှင့် အောင်အောင်မင်းခန့်တို့နှစ်ဦးသည် အောင်ဇေယျစစ်ကြောင်းမှ ထွက်ပြေးလာကာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၈)ရက်နေ့တွင် ဗျူဟာ (၃၁)လုံခြုံရေးတပ်ထံသို့ လက်နက်မဲ့အလင်းဝင်လာသည်ဟု ဆိုသည်။
“၁၈ ရက်နေ့ ညက ဝင်ရောက်လာတာပါခင်ဗျ။ လက်နက်တော့ မပါခဲ့ပါဘူး။ တပ်သားတွေပါပဲ။ စစ်မှုထမ်းအပတ်စဉ် ၆ က တပ်သားတွေပါ။”ဟု ဗျူဟာ(၃၁)လုံခြုံရေး တပ်ခွဲမှူး ကိုမြင့်ဇော်က Tachileik Nesws Agency ကိုပြောသည်။
၎င်းတို့ (၂)ဦးသည် စစ်ကောင်စီတပ်၏ အဓမ္မလူသစ်စုဆောင်းခံရမှုကြောင့် တာဝန်ထမ်းဆောင်လိုခြင်းမရှိ၍ အလင်းဝင်ရောက်လာခြင်းဖြစ်သည်ဟု ဆိုသည်။
အလင်းဝင်လာသူ (၂)ဦးကို ငွေကျပ်(၅)သိန်းစီ ဂုဏ်ပြုချီးမြှင့်ငွေပေးသည်ဟုလည်း သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း အောင်ဇေယျစစ်ကြောင်းမှ တပ်သား(၂)ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည်ဟု ဗျူဟာ (၃၁) လုံခြုံရေးတပ်က ဖော်ပြထားသည်။
လက်ရှိတွင် ဗျူဟာ (၃၁)လုံခြုံရေးတပ်ထံသို့ အောင်ဇေယျစစ်ကြောင်းမှ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား (၄၀)ဦး ဝန်းကျင်ရှိနေပြီဟုလည်း ဆိုသည်။
မြဝတီမြို့သို့ (၄)ရက်ခရီးဖြင့်လာမည်ဆိုကာ ကြွေးကြော်စစ်ကြောင်းထိုးလာသော နိုင်ငံတော်အဆင့် "အောင်ဇေယျစစ်ဆင်ရေး"မှာ ၂၀၂၄ခုနှစ် ဧပြီလကစတင်ခဲ့ပြီး ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလအထိ မြဝတီမြို့သို့ ရောက်မလာနိုင်သေးပေ။
တော်လှန်ရေးတပ်များ၏ မြဝတီမြို့ကိုဝင်ရောက်တိုက်ခိုက်မှုကြောင့် စစ်ကူပို့ရန် အောင်ဇေယျစစ်ဆင်ရေးကို အာဏာသိမ်း ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုယ်တိုင်ကွပ်ကဲသည်ဆိုသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။
“လက်ရှိအခြေနေကတော့ အာရှလမ်းကနေ ဆက်လက်တိုးနိုင်ခြင်းမရှိသေးပါဘူးဗျ။”ဟု ကိုမြင့်ဇော်က ပြောသည်။
အဆိုပါ အောင်ဇေယျစစ်ဆင်ရေးကို တပ်မ(၅၅)ကဦးဆောင်၍ အင်အား(၁၂၀၀)ခန့်ဖြင့် ရှမ်းပြည်နယ် တောင်ပိုင်း ဟဲဟိုးလေဆိပ်မှတဆင့် မော်လမြိုင်မြို့သို့ ရောက်လာကာ ယင်းမှတဆင့် မြဝတီဘက်သို့ ဦးတည်ချီတက်လာခြင်းဟု အလင်းဝင်တပ်သားများက ပြောဆိုထားသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၏ တပ်ရင်း (၂၇) လက်အောက်ခံ ကော်ဘရာ စစ်ကြောင်းထံလည်း အောင်ဇေယျစစ်ဆင်ရေးမှ အလင်းဝင်လာသူ အများအပြားရှိသည်။
#TachileikNewsAgency
#TNA_MAT
Photo: People Defense Force