နှစ်ပေါင်း ၃၀ အကြာတွင် မာနယ်ပလော၌ ၇၆ နှစ်ပြည့် ကရင်တော်လှန်ရေးနေ့ ပြန်လည်ကျင်းပ

နှစ်ပေါင်း ၃၀ အကြာတွင် မာနယ်ပလော၌ ၇၆ နှစ်ပြည့် ကရင်တော်လှန်ရေးနေ့ ပြန်လည်ကျင်းပ

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မာနယ်ပလောဒေသရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များက စခန်းများသိမ်းပိုက်လိုက်ပြီးနောက် KNU ဌာနချုပ်ဖြစ်ခဲ့သည့် မာနယ်ပလော ပြန်လည်လွတ်မြောက်လာပြီး ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့တွင် မာနယ်ပလော၌ (၇၆)နှစ်ပြည့် ကရင်တော်လှန်ရေးနေ့ကို ကျင်းပသည်။

(၇၆)နှစ်ပြည့် ကရင်တော်လှန်ရေးနေ့ကို နှစ်ပေါင်း (၃၀)အကြာတွင် မာနယ်ပလော၌ ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပြီး အာရက္ခတပ်တော်(AA)၊ ကလလတနှင့် BPLA တို့လည်း တက်ရောက်သည် ကိုတွေ့ရသည်။

မာနယ်ပလောရှိ စစ်ကောင်စီတပ်စခန်းများကို KNU တပ်မဟာ(၇)၏ ကွန်မန်ဒိုတပ်ခွဲ၊ ဒရုန်းအဖွဲ့၊ KNDO တပ်ခွဲ အမှတ်(၂၂) တပ်ရင်း၊ KNU တပ်မဟာ(၅) ကွန်မန်ဒိုတပ်ခွဲ၊ FFD ဒရုန်းအဖွဲ့၊ FFD မြေပြင်ချေမှုန်းရေးအဖွဲ့နှင့် Federal Wings ဒရုန်းအဖွဲ့တို့ကပူးပေါင်း၍ ၂၀၂၄ခုနှစ် ဒီဇင်ဘာလအတွင်း ပြန်လည်ရယူခဲ့သည်။ 

၁၉၇၅ ခုနှစ်က မာနယ်ပလောဒေသကို ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဌာနချုပ်နေရာအဖြစ် တည်ထောင်ခဲ့ပြီးနောက် စစ်အစိုးရ၏ ဘာသာရေးသွေးထိုးမှုကြောင့် ခွဲထွက်သွားသည့် DKBA နှင့်ပေါင်းကာ မာနယ်ပလောကို ထိုးစစ်ဆင်ခဲ့ကြခြင်းဖြစ်သည်။

မာနယ်ပလောတွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ အမျိုးသားဒီမိုကရေစီအင်အားစု (NDF)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) အပါအဝင် တော်လှန်ရေးအဖွဲ့များ၏ ဌာနချုပ်ဖြစ်ခဲ့သည်။ 

စစ်အစိုးရ၏ ဘာသာရေးသွေးထိုးမှုကြောင့် KNU မှ ဗုဒ္ဓဘာသာဝင်များက တိုးတက်သောဗုဒ္ဓဘာသာကရင့်တပ်မတော်(DKBA) အဖြစ် ခွဲထွက်သွားပြီး စစ်တပ်နှင့်ပူးပေါင်း၍ ၁၉၉၅ ခုနှစ် ဇန်နဝါရီလ(၂၇)ရက်နေ့တွင် ထိုးစစ်ဆင်ရာ KNU သည် မာနယ်ပလောမှ ဆုတ်ခွာပေးလိုက်ရသည်။

#TachileikNewsAgency

#TNA_MAT

Photo:Wild Bird