ပင်လည်ဘူးမြို့ကိုသိမ်းနိုင်ရန် နောက်ဆုံးကျန်ရှိသည့် ရဲစခန်းကို တော်လှန်ရေးတပ်များ ဝိုင်းထား

ပင်လည်ဘူးမြို့ကိုသိမ်းနိုင်ရန် နောက်ဆုံးကျန်ရှိသည့် ရဲစခန်းကို တော်လှန်ရေးတပ်များ ဝိုင်းထား
စက်တင်ဘာ 6, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီး မြို့ကိုအလုံးစုံသိမ်းနိုင်ရန် နောက်ဆုံးကျန်ရှိသည့် ရဲစခန်းကို တော်လှန်ရေးတပ်များက ဝိုင်းထားကြောင်း စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။ 

ပင်လည်ဘူးမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်ဖွဲ့(SNA)တို့ ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့တွင် တစ်ခုတည်းသောကျန်တော့သည့် ရဲစခန်းကို ဆုတ်ခွာခုခံနေခြင်းကြောင့် ထပ်မံတိုက်ခိုက်နေသည်ဟု သိရသည်။ 

"ပင်လည်ဘူး ရဲစခန်း တစ်ခုကျန်ချိန် စစ်ခွေးတွေက စစ်ကူ ရဟတ်ယာဉ်(၈)စင်းနဲ့ လာချသွားတဲ့အဖွဲ့တွေ လက်နက်ချသုံ့ပန်းအဖြစ် အဖမ်းခံတာပါ။ မြို့က မရသေးဘူး။ ရဲစခန်းတိုက်ချိန်ဆို လေကြောင်းက အမြဲလာတိုက်တော့ မအောင်သေးတာပါ။ အခုလေးတင် MI-35 နဲ့ လာပစ်သွားပါတယ်။"ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကို ယနေ့ ညနေ(၆)နာရီတွင် ပြောသည်။ 

ရဟတ်ယာဥ် (၈)စီးနှင့် စစ်ကူချစဥ် ဖမ်းဆီးရမိသည့်စစ်ကောင်စီတပ်သား (၆၀)ခန့်ရှိသည်ဟု သတင်းထွက်နေသော်လည်း အရေအတွက်အတိအကျနှင့် မည်သည့်အရာရှိပါသည်ကိုမူ မသိရသေးဟု ဆိုသည်။

လက်ရှိ တော်လှန်ရေးတပ်များသည် ပင်လည်ဘူးမြို့တွင်းအနှံ့ နေရာယူထားပြီး စစ်ကောင်စီတပ်စွဲထားသည့် ကျောက်တိုင်ကုန်း၊ ဘုရားကုန်း၊ မိုးဆုတောင်းဘုရား၊ ရုပ်သံကုန်းစသည့် ခံစစ်နေရာများကိုသိမ်းထားပြီးဖြစ်သည်ဟု ဆိုသည်။

"ရဲစခန်းထဲမှာ စစ်ခွေးနဲ့ SNA တပ်တွေ တပ်ဆုတ်နေတာ။ အင်အားတော့ မခန့်မှန်းတတ်ဘူး။ စခန်းတွေ သိမ်းတော့ လက်‌နက်တွေရတယ်။ ဘယ်လောက်၊ ဘာလက်နက်တော့ မသိရသေးဘူး။ ရဲစခန်းသိမ်းနိုင်ဖို့ ဆက်တိုက်နေပါတယ်။"ဟု ၎င်းကဆက် ပြောသည်။

ပင်လည်ဘူးမြို့ရှိ စကစတပ်များကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDF ပူးပေါင်းတပ်များက ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။ 

"လေကြောင်းပစ်ကူလာရင် ဆုတ်ပေးလိုက်၊ ပြန်တိုက်လိုက်ဖြစ်နေတာပေါ့။ ရဲစခန်းကိုတော့ ဝိုင်းထားနိုင်ပါတယ်။"ဟု ၎င်းကဆိုသည်။ 

ပင်လည်ဘူးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်များက ပြီးခဲ့သည့် ဩဂုတ်လ (၁၅)ရက်နေ့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

#TachileikNewsAgency