မြန်မာလူငယ် ၂၀၀ ဦးကို ရနောင်းမှ ကော့သောင်းသို့ ထိုင်းအာဏာပိုင်များ ပြန်ပို့

မြန်မာလူငယ် ၂၀၀ ဦးကို ရနောင်းမှ ကော့သောင်းသို့ ထိုင်းအာဏာပိုင်များ ပြန်ပို့

ထိုင်းနိုင်ငံတောင်းပိုင်းဒေသရှိ အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား (၂၀၀)ဦးကို ထိုင်းအာဏာပိုင်များက ရနောင်း-ကော့သောင်း နယ်စပ်ဂိတ်ကတဆင့် ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၂၄)ရက်နေ့တွင် နေရပ်ပြန်ပို့လိုက်သည်ဟု ထိုင်းသတင်းများတွင် ဖော်ပြသည်။ 

ပြစ်ဒဏ်ကျခံပြီး ပြန်လည်လွတ်မြောက်လာသူ မြန်မာနိုင်ငံသား (၂၀၀)ဦးကို ထိုင်းနိုင်ငံ ရနောင်းမြို့မှ မြန်မာနိုင်ငံ ကော့သောင်းမြို့ဘက်သို့ စက်လှေဖြင့် ပြန်လည်လွှဲပြောင်းလိုက်ပြီး ကော့သောင်းမြို့ ပိတောက်ရွှေဝါရပ်ကွက်ရှိ မိုးလုံလေလုံအားကစားခန်းမတွင် ထားကြောင်း သိရသည်။

ပြီးခဲ့သည့် လကလည်း ထိုင်းနိုင်ငံမှ ပြန်ပို့သည့် မြန်မာလူငယ်များကို စစ်ကောင်စီက စစ်မှုထမ်းရန် စစ်တပ်အတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားရာ အများစုမှာ တော်လှန်ရေးတပ်များထံ ထွက်ပြေးခိုလှုံလာခြင်းများလည်းရှိသည်။

လက်ရှိတွင် ထိုင်းနိုင်ငံအတွင်း ထိုင်းအာဏာပိုင်များက နေအိမ်များ၊ စားသောက်ဆိုင်များနှင့် ကုန်တိုက်များအတွင်းသို့ ဝင်ရောက်ဖမ်းဆီး၊ စစ်ဆေးမှုများကြောင့် အထောက်အထားမဲ့ မြန်မာလူငယ်အများအပြား ဖမ်းဆီးခံနေရသည်။

#TachileikNewsAgency