ရက္ခိုင့်တပ်တော်(AA) သိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် မတ်လ (၅)ရက်နေ့ နံနက်ပိုင်းတွင် တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် လာရောက်ဗုံးကြဲရာ ဓာတ်အားပေးစက်ရုံ ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ ပျက်စီးသည့်အပြင် ယင်းနေရာအနီးရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းအနီးကိုလည်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ဆိုသည်။
“ပိုက်သည်ရပ်ကွက်က ဘိုလှဌေးဆိုတဲ့ ကလေးတစ်ယောက်လည်း ဘယ်ဖက်လက်မောင်း ဗုံးစထိတဲ့ ဒဏ်ရာရသွားတယ်။ တမင်သက်သက် ရည်ရွယ်ပြီးတော့ ဗုံးလာကြဲတာ။ နေ့လယ်တွေဆိုမလာဘူး။ ညပိုင်းတွေဆို လေကြောင်းကနေ ဗုံးလာကြဲပြီ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
ကျောက်တော်မြို့နယ်ကို ရက္ခိုင့်တပ်တော်က ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းတွင် သိမ်းယူလိုက်ပြီးနောက် ရခိုင်အလံထောင်ထားသည့် ကစ္ဆပနဒီတံတားကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင်လည်း လာရောက်ဗုံးကြဲဖျက်ဆီးခဲ့သည့်အပြင် ပိုက်သည်ရပ်ကွက်ကိုလည်း ဗုံးကြဲသဖြင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့သည်။
#TachileikNewsAgency
Photo: CJ