မိုင်းရယ်မြို့ကို SSPP နှင့် UWSA တပ်များ ဝင်ရောက်ထိန်းချုပ်

မိုင်းရယ်မြို့ကို SSPP နှင့် UWSA တပ်များ ဝင်ရောက်ထိန်းချုပ်
ဇူလိုင် 13, 2024 | 2021 Military Coup| ရှမ်းမြောက်

တိုက်ပွဲပြင်းထန်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မိုင်းရယ်မြို့ကို ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နှင့် UWSA တပ်များက ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့တွင် ဝင်ရောက်ထိန်းချုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲများပြင်းထန်နေသည့် လားရှိုးမြို့နှင့် (၅၉)မိုင်ဝန်းကျင်သာဝေးသည့် မိုင်းရယ်မြို့ကို SSPP တပ်ဖွဲ့က ဝင်ရောက်လာပြီး မိုင်းရယ်နှင့် ချိတ်ဆက်ထားသည့် လမ်းပိုင်းကို ထိန်းချုပ်ထားသည်ဟု ဒေသခံများက ဆိုသည်။

"တကယ်က SSPP နဲ့ ဝတပ်တွေ ထိန်းချုပ်တာလို့ ပြောလို့ရတယ်။"ဟု ဒေသခံတစ်ဦးက ‌Tachileik News Agency ကို ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ UWSA ၏ လားရှိုးမြို့ ဆက်ဆံရေး တာဝန်ခံ ဦးညီရန်းကို Tachileik News Agency က ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

SSPP တပ်များသည် မိုင်းရယ်၊ တန့်ယန်းနှင့် မိုင်းရှူးကြားနေရာများအပြင် သီပေါနှင့် မိုင်းရယ်ကြားက နမ့်လန်၊ စိန်ကျော့၊ ဆောင်ကြဲ နေရာများကိုပါ ဝင်ရောက်ထိန်းချုပ်လာသည်ဟု သိရသည်။

မိုင်းရယ်မြို့သည် SSPP ဌာနချုပ် ဝမ်ဟိုင်းအနီးတွင်လည်းရှိနေပြီး အကြောင်းအရင်းအားသိရှိနိုင်ရန် Tachileik News Agency မှ SSPP ပြောရေးဆိုခွင့်ရှိသူများထံ ဆက်သွယ်သော်လည်း ဖုန်းပိတ်ထားသည်။

ဇူလိုင်လ (၁၀)ရက်နေ့ကလည်း UWSA တပ်များသည် တန့်ယန်းမြို့မှ ဒေသခံများ၊ UWSA မိသားစုများ၏ တောင်းဆိုချက်အရဟုဆိုကာ အင်အား(၂၀၀၀)ကျော်ဖြင့် သံလွင်မြစ်အနောက်ဘက်ခြမ်းကိုကူး၍ လားရှိုးနှင့် (၈၆)မိုင်ခန့်ဝေးသည့် တန့်ယန်းမြို့အတွင်းသို့ စစ်ကောင်စီနှင့်ညှိနှိုင်းကာ ဝင်ရောက်နေသည်။

တန့်ယန်းမြို့သည့် မိုင်းရယ်မြို့နှင့် မိုင်(၄၀)သာဝေးကာ မိုင်းရယ်မြို့တွင် ဇူလိုင်လ(၁၁)ရက်နေ့ကစတင်၍ စစ်ကောင်စီတပ်နှင့် MNDAA တပ်တို့ စစ်ရေးတင်းမာနေခြင်းဖြစ်ပြီး UWSA ထိန်းချုပ်ထားသည့် တန့်ယန်းမြို့မှ စစ်ကောင်စီတပ်စခန်းကိုလည်း TNLAက ဝင်တိုက်သေးသည်။

တန့်ယန်းမြို့နယ် မိုင်းရယ်မြို့သည် လားရှိုးခရိုင်အတွင်းပါရှိပြီး လားရှိုးမြို့ကို MNDAAက တိုက်ခိုက်နေသည်မှာ (၁၁)ရက်ကြာပြီဖြစ်သည်။

#TachileikNewsAgency