မန္တလေးမြို့ရှိ Sky Villa Condo မြေကျွံဝင်သွား၍ ပိတ်မိနေသူများရှိနေ 

မန္တလေးမြို့ရှိ Sky Villa Condo မြေကျွံဝင်သွား၍ ပိတ်မိနေသူများရှိနေ 

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ Sky Villa Condo တွင် (၁၁)လွှာရှိသည့်အနက် (၄)လွှာမှာ မြေအောက်ကျွံဝင်သွားပြီး ပိတ်မိနေသူများရှိ၍ အကူအညီတောင်းခံနေသည်ဟု သိရသည်။

ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့တွင် လှုတ်ခတ်သည့် (၇.၇) အင်အားအဆင့်ရှိ ငလျင်ကြောင့် အောင်မြေသာစံမြို့နယ် လမ်း(၆၀)၊ (၂၂)လမ်းနှင့် (၂၃)လမ်းကြားရှိ (၁၁)ထပ်အမြင့်ရှိ Sky Villa Condo မှာ မြေအောက် ကျွံဝင်သွားခြင်းဖြစ်သည်။

“Sky Villa က (၃) ပိုင်း ရှိတဲ့နေရာမှာ အလယ်ပိုင်းနဲ့ အနောက်ဘက်ပိုင်းကအလွှာတွေ ပြိုကျသွားတယ်။ ရှေ့တစ်ပိုင်းကျန်တဲ့ဟာလည်း အပေါ် (၇)လွှာပဲ ကျန်ပြီး အောက်(၄)လွှာ ပျောက်သွားတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

 

Sky Villa Condo သည် မြေညီထပ်နှင့် တစ်ထပ်ကို ကားထားခြင်းဖြစ်ပြီး ကျန်အလွှာများတွင် လူနေထိုင်ကာ လက်ရှိတွင် လူများပိတ်မိနေ၍ အကူအညီများလိုအပ်နေသည်ဟု သိရသည်။

“ကျွန်တော့် အစ်မတွေနေတဲ့ နန်းရှေ့ ရေစစ်ကန်အရှေ့က Sky Villa Condo ပြိုကျတယ်ကြားပြီး အခုသူတို့နဲ့လည်း လုံးဝ အဆက်အသွယ်မရတော့လို့ပါ။ အခန်းနံပါတ်ကတော့ ပထမထပ်က L2 ပါဗျာ။ လသား ကလေးလည်းပါလို့ ကူညီကြပါဦး။”ဟု ဒေသခံတစ်ဦးက လူမှုကွန်ယက်စာမျက်နှာတွင် အကူအညီတောင်းခံထားသည်။

ငလျင်လှုပ်ခတ်မှုသည် မန္တလေး၊ စစ်ကိုင်း၊ ရှမ်းတောင်၊ နေပြည်တော်တို့တွင် အဆိုးဆုံးအခြေအနေဖြစ်ခဲ့ပြီး မီးလောင်မှုများပါ ဖြစ်ပွားခဲ့သဖြင့် လူအသေအပျောက်များကာ အရေးပေါ်သွေးလိုအပ်နေသည် အထိဖြစ်ပေါ်နေသည်။

ပထမအကြိမ် ပြင်းအား (၇.၇) ရစ်ချ်တာစကေးရှိသည့် ငလျင်လှုတ်ခတ်ပြီးနောက် (၁၂)မိနစ်အကြာတွင် ဒုတိယအကြိမ် ပြင်းအား (၆.၄) ရစ်ချ်တာစကေးရှိ ငလျင်လှုတ်ခဲ့ခြင်းကြောင့် မြန်မာ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ ၊ လာအိုနှင့် တရုတ်နိုင်ငံတို့တွင်လည်း ငလျင်ဒဏ် ခံစားခဲ့ရသည်။

#TachileikNewsAgency

Photo:Internet