ဆင်ခေါင်းရွာကို စစ်ကောင်စီတပ်က ယနေ့တွင် လက်နက်ကြီးနှင့်ပစ်ပြီး လေကြောင်းမှ ထပ်မံဗုံးကြဲ

ဆင်ခေါင်းရွာကို စစ်ကောင်စီတပ်က ယနေ့တွင် လက်နက်ကြီးနှင့်ပစ်ပြီး လေကြောင်းမှ ထပ်မံဗုံးကြဲ

ရခိုင်ပြည်နယ် သံတွဲမြို့ ဆင်ခေါင်းရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့ ၂၀၂၄ ခုနှစ် ‌ဇွန်လ(၅)ရက်နေ့ နံနက်ပိုင်းတွင် လက်နက်ကြီးနှင့် ထပ်မံပစ်ခတ်နေကာ လေယာဉ်ဖြင့် ဗုံးကြဲသည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ကလည်း တစ်ရက်လုံး ဆင်ခေါင်းရွာကို ကြည်း၊ ရေ၊ လေဖြင့် ပစ်ခတ်ရာ နေရာအများအပြား ပျက်စီးပြီး ဒေသခံများ ထိခိုက်၊ သေဆုံးသူရှိခဲ့ကာ ယနေ့နံနက်ပိုင်း လေယာဉ် နှင့်ဗုံးကြဲခြင်း၊ ပစ်ခတ်မှုတွင်လည်း ဒေသခံ(၁၅)ဦးခန့် ထပ်မံသေဆုံးသည်ဟု ဆိုသည်။

"ဒီနေ့မနက်ပိုင်း ဗုံးကြဲမှုမှာတော့ လူ(၁၅)ဦးလောက် သေဆုံးသွားတယ်။"ဟု ဆင်ခေါင်းရွာမှ ညောင်ခြေထောက်ရွာသို့ တိမ်းရှောင်လာသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ယနေ့နံနက်ပိုင်း တိုက်ခိုက်မှုအတွင်း အရပ်သားသေဆုံးခြင်း ရှိ၊ မရှိကိုမူ Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်သေးဘဲ လင်နက်ကြီးနှင့် ပစ်ခတ်နေသည်ကိုသာ အတည်ပြုနိုင်သည်။

"သံတွဲအထွက် ဘားတောင်ကလည်းပစ်တယ်၊ ဂေါ့လက်နက်ကြီးအထိုင်ကလည်းပစ်တယ်။ ဂျိတ္တောဘက်ကနေလည်း ပစ်သံကြားရတယ်။ လေယာဉ်ကတော့ မြို့ပေါ်ဝဲနေတာပဲ။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့က စစ်ကောင်စီသည် ဆင်ခေါင်းရွာ မော်ဖျားအပိုင်းကို နေဗီမှပစ်ခတ်ခြင်း၊ လေကြောင်းမှ နှစ်ကြိမ် ဗုံးကြဲခြင်းကြောင့် အမျိုးသမီးတစ်ဦး သေကာ (၅)ဦး ဒဏ်ရာရပြီး နေအိမ်(၅)လုံး ပျက်စီးသွားသည်။

ထို့နောက် နေ့လယ် (၁၂)နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေဖြင့် ‌ဆင်ခေါင်းတစ်ရွာလုံးကို တိုက်ခိုက်ရာ ဒေသခံများ ထိခိုက်သေဆုံးသူများပြီး အလောင်းပင်မကောက်နိုင်ဘဲ ထွက်ပြေးရသည်ဟု ဆိုသည်။

"လူမနည်းဘူး သေတယ်။ ရခိုင်စုအပိုင်းနေအိမ် အကုန်ပြိုကျသွားတယ်။ ဆင်ခေါင်းရွာအတွင်းမှာလဲ နေအိမ်တွေ တော်တော်များများ ပျက်စီးတယ်။ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းကအစ ပျက်စီးသွားတယ်။ AA ရှိတယ်အထင်နဲ့ ဘယ်လိုသတင်းရပြီးလာပစ်တာ လဲမသိဘူး။ တကယ်က မရှိဘူး။ အလောင်းတောင်မကောက်နိုင်ဘူး ပြေးရတာ။"ဟု ဒေသခံတစ်ဦးက ယမန်နေ့ကပြောသည်။

စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ဒေသခံများသည် သဗြုချိုင်ရွာ၊ တောင်ကုတ်မြို့နှင့် ကင်းမော်၊ သံတွဲမြို့များသို့ ထွက်ပြေးကြရကာ ရွာပျက်ကြီးအဖြစ် ကျန်ခဲ့ရသည်ဟု ဆိုသည်။

"လက်နက်ကြီးက အလုံး(၅၀)လောက်ကျတယ်။ လေယာဉ်နဲ့က တခါကြဲရင် ဗုံး(၅)လုံးကြဲတာ။ ဘာမှယူချိန်မရဘူး ပြေးရတာပဲ။"ဟု ဒေသခံတစ်ဦးက ယမန်နေ့ကပြောသည်။

စစ်ကောင်စီသည် တစ်ရက်လုံး စိတ်ကြိုက်ပစ်ခတ်ပြီးနောက် ညနေ (၆)နာရီတွင် ပစ်ခတ်မှုရပ်သွားသော်လည်း ဒေသခံများနေရပ်သို့ မပြန်ရဲကြတော့ဘဲ တိမ်းရှောင်နေရသည်ဟု သိရသည်။

ယမန်နေ့က စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေဖြင့် ဆင်ခေါင်းရွာကို ပစ်ခတ်မှုကြောင့် ဒေသခံ(၃၀)ဦးဝန်းကျင် ဒဏ်ရာရနှင့် သေဆုံးသူရှိနိုင် သည်ဟုလည်း ဒေသခံများကပြောဆိုသည်။

#TachileikNewsAgency