မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံနေသည့်ဒေသများတွင် အရေးပေါ်စားနပ်ရိက္ခာ အထောက်အပံ့များ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ ပေးအပ်သွားမည်

မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံနေသည့်ဒေသများတွင် အရေးပေါ်စားနပ်ရိက္ခာ အထောက်အပံ့များ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ ပေးအပ်သွားမည်
စက်တင်ဘာ 19, 2024 | အခြားဒေသများ

စူပါတိုင်ဖွန်း ရာဂီကြောင့် မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံနေသည့်ဒေသများတွင် အရေးပေါ်စားနပ်ရိက္ခာ အထောက်အပံ့များ ပေးအပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ သတင်းထုတ်ပြန်ထားသည်။

ရေဘေးသင့်ပြည်သူ (၅) သိန်းအထိ ကူညီရန်အတွက် လျာထားပြီး ဆန်၊ အားဖြည့်ဘီစကစ်နှင့် အာဟာရအထောက်အပံ့ တစ်လစာကို WFP ဝန်ထမ်းများကိုယ်တိုင် ယခုအပတ်မှ စတင်ပြီး တိုက်ရိုက်ဖြန့်‌ဝေကူညီပေးသွားမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

“စူပါတိုင်ဖွန်း Yagi သည် မြန်မာနိုင်ငံအတွင်း မကြာသေးမီက သမိုင်းတွင် အဆိုးရွားဆုံး ရေလွှမ်းမိုးမှု ဖြစ်စေခဲ့သည်။  နိုင်ငံအတွင်းနေရာအများစု ရေမြုပ်နေပြီး အချို့နေရာများသည် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံး ရေလွှမ်းမိုးမှုကို မြင်တွေ့နေရသည်” ဟု WFP မှ မြန်မာကိုယ်စားလှယ် Sheela Matthew က ပြောသည်။  

“စားနပ်ရိက္ခာဖူလုံမှုအပေါ် သက်ရောက်မှုက အပျက်အစီးထက် မနည်းပါဘူး။ ဩဂုတ်လတွင် ရေကြီးမှုမဖြစ်ပွားမီ လူပေါင်း (၁၃)သန်းကျော်သည် စားနပ်ရိက္ခာ မလုံလောက်မှု နှင့် ရင်ဆိုင်နေကြရပြီး တိုးပွားလာတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ကျွန်တော်တို့အဖွဲ့တွေဟာ အချိန်နဲ့အမျှ လုပ်ဆောင်နေပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။ 

တိုင်ဖွန်း ရာဂီမတိုင်မီ ၂၀၂၄ ခုနှစ် ဇူလိုင်လ နှင့် သြဂုတ်လအတွင်း၌လည်း WFP က အရေးပေါ်အကူအညီအနေဖြင့် ရေဘေးသင့်ပြည်သူ (၁၈၅,၀၀၀) ကို စားနပ်ရိက္ခာအကူအညီများ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

ရေလွှမ်းမိုးမှုများကြောင့် လက်ရှိအချိန်အထိ လူပေါင်းရာနှင့်ချီ သေဆုံးခဲ့ကြရပြီး နိုင်ငံတစ်ဝန်းတွင် အနည်းဆုံး လူပေါင်း (၆၃၁,၀၀၀) ခန့် ရေဘေးသင့်ခဲ့ကြရကြောင်း WFP က အသိပေးထားသည်။

#TachileikNewsAgency

Photo: United Nations Myanmar