မန္တလေးတိုင်း မြင်းခြံမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မောင်းနှင်လာသည့် အိမ်စီးကားကို မိုင်းဆွဲတိုက်ခိုက်ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ထံမှ သိရသည်။
မြင်းခြံမြို့ မြောက်ကျွန်းကျေးရွာမှ မြင်းခြံမြို့သို့ အိမ်စီးကားဖြင့်လာသည့် ရဲနှင့် စစ်ကောင်စီတပ်သား (၅)ဦးကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့က မြင်းခြံမြို့ မြောက်ဘက်အထွက်ရှိ အနိမ့်လမ်းပိုင်း၌ မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
“မိုင်းက တစ်လုံးထဲပဲ ဆွဲလိုက်တာဗျ။ လမ်းတစ်ဖက်တချပ်မှာ ထောင်ထားတာပေါ့။ ဒါပေမယ့် တစ်ဖက်က ပြည်သူနဲ့ မလွတ်လိုက်လို့ပေါ့နော်။ တစ်ဖက်ကိုပဲ ဆွဲခဲ့တာပါ။”ဟု Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက Tachileik News Agency ကို ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်သားများသည် မြောက်ကျွန်းဘက်ကို စစ်ကြောင်းထိုးခြင်းမဟုတ်ဘဲ မြင်းခြံဘက်သို့ပြန်မည်ဟု MBT က သတင်းရသဖြင့် မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
“UG တွေက တိုက်ခိုက်ခဲ့တာဆိုတော့ သေနတ်မပါဘူး။ သေနတ်ပါရင် (၅)ယောက်လုံးကိုရတယ်။ ကျွန်တော်တို့လည်း ပြောက်ကျားပဲ လုပ်ခဲ့ရတာဆိုတော့။”ဟု ဗိုလ်မိုက်ခဲက ဆက်ပြောသည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးပြီး တစ်ဦးမှာ ဗိုလ်တစ်ဦးဖြစ်သည်ဟု ဒေသခံများ၏ ပြောဆိုချက်ကို အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
တော်လှန်ရေးတပ်များတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်က လမ်းသွားလမ်းလာဒေသခံများကို ခေါ်ယူစစ်ဆေးခြင်းနှင့် လက်နက်ဖြင့် ပစ်ခတ်ခြင်းများရှိသည်ဟု သိရသည်။
#TachileikNewsAgency
Photo: Myingyan Black Tiger မှ ထုတ်လုပ်သည့် ပဒေသာ မိုင်းများ(ပုံဟောင်း)