အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထိန်းချုပ်ထားသည့် ကောလင်းမြို့ကို ဝန်းသိုမြို့ရှိ စစ်ကောင်စီတပ်က ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ရာ အရပ်သား(၃)ဦး သေဆုံးပြီး သံဃာတစ်ပါးအပါ (၂)ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သား(၄)ဦးနှင့် သံဃာတစ်ပါး လက်နက်ကြီးထိမှန်ခဲ့ပြီး ဦးကျော်ဝင်း အသက်(၆၆)နှစ်၊ (၂)နှစ်အရွယ် ကလေးတစ်ဦးနှင့် (၈)နှစ်အရွယ် ကလေးတစ်ဦးတို့ သေဆုံးသွားကြောင်း သိရသည်။
ဆရာတော်တစ်ပါးနှင့် ကလေးနှစ်ဦး၏ မိခင်မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ အဆောက်အဦးများပျက်စီးသွားကြောင်း သိရသည်။
“အချိန်မရွေးပစ်နေတာပါဗျ။ ပုံမှန်တော့မရှိပါဘူးဗျ။ သူတိုပစ်ချင်သလို ပစ်တာပါဗျ။”ဟု ဒေသခံတစ်ဦး Tachileik News Agency ကိုပြောသည်။
လက်ရှိတွင် ဝန်းသိုမှထွက်လာသည့် စစ်ကောင်စီတပ်နှင့် PDFတပ်များ တိုက်ပွဲများဖြစ်ပွားနေပြီး မြို့ကိုပြန်မပေးရရေး PDFတပ်များက ပိတ်ဆို့တိုက်ခိုက်နေကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် ကောလင်းမြို့ကိုသွားမည့် ကုန်ကားများ၊ အရပ်သားများကို ရွှေဘို၊ အင်းတော်တို့တွင် ပိတ်ဆို့ထားခြင်းကြောင့် ဒေသခံများ သွားလာရခက်ခဲနေသည်ဟု သိရသည်။
#TachileikNewsAgency
Photo: ပြည်သူမှပြည်သူသို့၊ Kawlin People Defense Force