ကြို့ပင်ကောက်မြို့နယ် အလယ်ကုန်းရဲစခန်းအနီး၌ ကင်းပုန်းဝတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား PDF သွားရောက် တိုက်ခိုက်

ကြို့ပင်ကောက်မြို့နယ် အလယ်ကုန်းရဲစခန်းအနီး၌ ကင်းပုန်းဝတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား PDF သွားရောက် တိုက်ခိုက်

ပဲခူးတိုင်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အလယ်ကုန်းရဲစခန်းအနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား သွားရောက်တိုက်ခိုက်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၆) Black Dragon GBK-PDF မှ ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၀) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အလယ်ကုန်းရဲစခန်းအနီး တံတားထိပ် သင်္ချိုင်းကုန်း၌ ကင်းပုန်းဝပ်နေကြသည့် ရဲနှင့် ပျူစောထီး ပူးပေါင်းအင်အား (၂၀)ခန့်ပါရှိသည့် အဖွဲ့အား စက်တင်ဘာ (၁၃) ရက်နေ့ ည (၈)နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အပြန်အလှန် ပစ်ခတ်မှု မိနစ် (၂၀)ခန့် ကြာမြင့်ခဲ့ပြီး လက်နက်ကြီးထိမှန်သဖြင့် ရဲ (၂)ဦး၊ ပျူစောထီး (၄)ဦး စုစုပေါင်း (၆)ဦး သေဆုံးခဲ့ကြောင်း Black Dragon GBK-PDF အဖွဲ့က ဆိုသည်။

ထို့အပြင် စက်တင်ဘာလ (၁၄) ရက်နေ့ ညနေ (၄)နာရီခန့်တွင် ကုန်းရွာမှ စစ်တပ်သတင်းပေး သန့်ဇင်အောင်သည် ပဲခူးရိုးမအစပ်ရှိ အေးရွာလေးရွာထိပ်၌ တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းစုံစမ်းရန် ရောက်ရှိနေကြောင်း သတင်းရသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ပြီး စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်ဆေးမေးမြန်းနေစဉ် စက်တင်ဘာလ (၁၅)ရက်နေ့ နံနက် (၉)နာရီခန့်တွင် အဆိုပါ စစ်တပ်သတင်းပေးသည် စခန်းမှ ထွက်ပြေးသည့်အတွက် ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း Black Dragon GBK-PDF အဖွဲ့က ဆိုသည်။

ဆက်လက်၍လည်း စစ်ကောင်စီနှင့် စစ်ကောင်စီထောက်တိုင်များအား ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ၎င်းတို့အနီး သွားလာနေထိုင်မှုများ မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၆) Black Dragon GBK-PDF အဖွဲ့က အသိပေးထားသည်။

#TachileikNewsAgency