အိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံး

အိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံး

မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၈)ရက်နေ့က သေဆုံးသွားသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ထံမှ သိရသည်။

အိုးဘိုအကျဉ်းထောင်တွင်း အကျဥ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုအောင်ထွန်းသည် ကျန်းမာရေး ကောင်းမွန်သူတစ်ဦးဖြစ်ပြီး စတင်ဖမ်းဆီးခြင်းခံရစဉ်က မည်သည့်ရောဂါမှ ဖြစ်ပွားခြင်းမရှိခဲ့ဘဲ အိုးဘိုအကျဉ်းထောင်သို့ရောက်မှ ခန္ဓာကိုယ်တွင် အနာများပေါက်လာပြီး အနာပိုးဝင်၍ ထောင်ဆေးရုံ၌ တက်‌ရောက်ဆေးကုသမှုခံခဲ့ရသည်ဟု သိရသည်။

ကိုအောင်ထွန်းသည် ထောင်‌‌ဆေးရုံတွင် တက်‌‌ရောက်ဆေးကုသမှုခံယူနေစဉ် တစ်ပတ်ခန့်အကြာတွင် အဆိုပါရောဂါဖြင့်ပင် သေဆုံးခဲ့ရပြီး ရုပ်အလောင်းကို စစ်ကောင်စီဘက်က ပြန်လည်ယူဆောင်ခွင့်မပြုဟု သိရသည်။

“သေဆုံးမှုဖြစ်ပြီဆိုရင်လည်း မိသားစုဝင်တွေကို ခြိမ်းခြောက်ပြီးတော့မှ ကျွန်တော်တို့လိုမျိုး သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဆက်ဆံတာမျိုး၊ ဆိုရှယ်မီဒီယာတွေပေါ်မှာ သေဆုံးကြောင်း ဝမ်းနည်းကြောင်း တင်တာမျိုး၊ နာရေးပုံတင်တာမျိုး မလုပ်ဖို့ကအစပေါ့နော် မြန်မာနိုင်ငံမှာရှိတဲ့ အကျဉ်းဦးစီးဌာနတွေ ထောင်အာဏာပိုင်တွေဟာ မိသားစုဝင်တွေကို ခေါ်ယူသတိပေးပြီးမှ ခြိမ်းခြောက်မှုပြုလာတာတွေ တွေ့ရပါတယ်။”ဟု PPNM မှ ကိုသိုက်ထွန်းဦးက Tachileik News Agency ကိုပြောသည်။

ကိုအောင်ထွန်းသည် ၂၀၂၂ ခုနှစ် ဧပြီလ (၁၅)ရက်နေ့က မန္တလေးတိုင်း အမရပူရမြို့နယ်တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ပုဒ်မ ၅၀၅(က)ဖြင့် အမရပူရတရားရုံးတွင် တရားစွဲဆိုခံရကာ ယင်းနှစ် စက်တင်ဘာလ (၆)ရက်နေ့တွင် ထောင်ဒဏ်(၃)နှစ်ချခံထားရခြင်းဖြစ်သည်။

ဖေဖော်၀ါရီလ (၁၀)ရက်နေ့ကလည်း အိုးဘိုအကျဉ်းထောင်တွင် ပုဒ်မ ၅၂(က)/၅၀(ည) တို့ဖြင့် ထောင်ဒဏ် (၂၂)နှစ် ချမှတ်ခံထားရသော အသက်(၆၅)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ ‌ဒေါ်စန်းရီသည် သွေးတိုး၊ ဆီးချို၊ နှလုံးနှင့် အသည်း‌ရောဂါတို့ဖြင့် သေဆုံးခဲ့သည်။

ဒေါ်စန်းရီသည် ၂၀၂၁ခုနှစ် ဧပြီလ(၂၂)ရက်နေ့တွင် ချမ်းမြသာစည်မြို့နယ်ရှိ နေအိမ်တွင်ရှိနေစဉ် ချမ်းမြသာစည်မြို့နယ် အမှတ် (၁၀)ရဲစခန်းအား ဗုံးဖောက်ခွဲမှုပြုလုပ်ခဲ့သည့် လူငယ်(၃)ဦးအား ဝှက်ပေးထားသည်ဟူသော အကြောင်းပြချက်ဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။

#TachileikNewsAgency