ရေဖြူမြို့နယ်အတွင်း လမ်းကင်းယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား PDF ပူးပေါင်းတပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်

ရေဖြူမြို့နယ်အတွင်း လမ်းကင်းယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား PDF ပူးပေါင်းတပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်အတွင်း လမ်းကင်းယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား PDF ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ကြောင်း ဥသြစစ်ကြောင်း (ထားဝယ်မြို့နယ်) ထံမှ သိရသည်။

ထားဝယ်ခရိုင် ရေဖြူမြို့နယ်(ခွေးမဖော) ကျေးရွာတွင် လမ်းကင်းယူနေသည့် အင်အား (၃၀)ခန့်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ၂၀၂၄ ခုနှစ် ဇွန်လ (၂၈) ရက်နေ့တွင် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း PDF ပူးပေါင်းတပ်ဖွဲ့ဘက်မှ စနိုင်ဘာနှင့် ပစ်ခတ်ခြင်းကြောင့် မောရဝတီရေတပ်မှ စစ်ကောင်စီတပ်သား အကြီးပိုင်း အရာရှိ (၁) ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူများလည်းရှိကြောင်း ဥသြစစ်ကြောင်းမှ ဆိုသည်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ဥသြစစ်ကြောင်း (ထားဝယ်မြို့နယ်)၊ နဂါးနီအဖွဲ့နှင့် ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဥသြစစ်ကြောင်းအနေဖြင့် ထားဝယ်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိပြီး ပြည်သူလူထုအနေဖြင့် စစ်ကောင်စီတပ်စခန်းနှင့် နီးသောနေရာများကို ဖြတ်သန်းသွားလာရမည်ဆိုပါက စစ်ရေးသတိရှိစွာဖြင့် သွားလာကြရန် သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency