လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာ၌ ကင်းလှည့်သွားလာနေသည့် ပျူစောထီးများအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်

လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာ၌ ကင်းလှည့်သွားလာနေသည့် ပျူစောထီးများအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်

တနင်္သာရီတိုင်း လောင်းလုံမြို့နယ် ကျောက်နီမော်ရွာ၌ ကင်းလှည့်သွားလာနေသည့် ပျူစောထီးများအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပျူစောထီးတချို့ ထိခိုက်သေဆုံးနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-လောင်းလုံမြို့နယ်(LLPDF) အဖွဲ့မှ ၂၀၂၄ ခုနှစ် ဇွန်လ (၁၄) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာ၌ ကင်းလှည့်သွားလာနေသည့် ပျူစောထီးခေါင်းဆောင်နှင့် ပျူစောထီးများအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဇွန်လ (၁၀) ရက်နေ့ နေ့လယ် (၁)နာရီဝန်းကျင်တွင် ပိတ်ဆို့ဖမ်းဆီးရန်ကြိုးပမ်းစဉ် ပျူစောထီးခေါင်းဆောင်မှ ဦးစွာထွက်ပြေးသွားခဲ့ပြီး ကျန်ပျူစောထီးများမှာ ၎င်းနောက်မှ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း LLPDF မှ ဆိုသည်။

ထို့နောက် ၎င်းတို့ရှိနေသည့် ပျူစောထီးအိမ်အား ဝင်ရောက်ရှာဖွေစဉ် ပျူစောထီးခေါင်းဆောင်၏ ကားတစ်စီး၊ ပစ္စတိုသေနတ်တစ်လက်၊ ဖုန်းနှစ်လုံး ၊ ပိုက်ဆံတချို့နှင့် လက်ပတ်နာရီတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ အသင့်စောင့်ဆိုင်းနေချိန်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များမှ ပျူစောထီးနှစ်ဦးအား Sniper ဖြင့် ပစ်ခတ်တိုက်ခဲ့ရာ ထိမှန်ခဲ့ပြီး သေဆုံးနိုင်ကြောင်း LLPDF မှ ဆိုသည်။

ဇွန်လ (၁၀) ရက်နေ့ ညနေ (၃) နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အပါအဝင် အဆိုပါ ပျူစောထီးများသည် ၎င်းတို့၏ မိသားစုဝင်များအားခေါ်ဆောင်ကာ ငါးဖမ်းစက်လှေတစ်စီးဖြင့် ထားဝယ်ဘက်သို့ ဦးတည်ထွက်ပြေးစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ လိုက်လံပစ်ခတ်ခဲ့ရာ နှစ်ဖက်ပစ်ခတ်မှု (၂) နာရီ နီးပါးကြာမြင့်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း ပျူစောထီးများ၏ ငါးဖမ်းစက်လှေ ကျည်ဒဏ်ရာများစွာဖြင့် ပျက်စီးခဲ့ပြီး၊ စက်လှေမောင်းတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ကျည်ဆန်ထိမှန်ခဲ့ကာ သေဆုံးနိုင်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား လောင်းလုံး (ပကဖ)မှ စနိုက်ဘာတပ်ဖွဲ့ ၊ ဒရုန်းတပ်ဖွဲ့ ၊ လိပ်ပြာတပ်စု၊ တောသားလေးတပ်စု၊ ဂဠုန်တပ်စု နှင့် ထားဝယ်ခရိုင်တပ်ရင်း(၁) T-1တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo:LLPDF