မြင်းခြံမြို့တွင် စစ်ကောင်စီယန္တရားများရပ်ဆိုင်းသွားပြီး Non CDM များ CDM ပြုလုပ်ရန် စာရင်းပေးလာကြ 

မြင်းခြံမြို့တွင် စစ်ကောင်စီယန္တရားများရပ်ဆိုင်းသွားပြီး Non CDM များ CDM ပြုလုပ်ရန် စာရင်းပေးလာကြ 

မန္တလေးတိုင်း မြင်းခြံမြို့တွင် စစ်ကောင်စီယန္တရားများရပ်ဆိုင်းသွားပြီး Non CDM များ CDM ပြုလုပ်ရန် စာရင်းပေးလာကြကြောင်း သိရသည်။

မြင်းခြံမြို့အနီး တောင်သာနှင့် နွားထိုးကြီးမြို့တို့တွင် စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များက ဝင်သိမ်းပြီးနောက် မြင်းခြံတွင် CDM ပြုလုပ်ရန် စာရင်းပေးသူများလာကာ၊ ထွက်ပြေးသူများလည်းရှိသဖြင့် စစ်ကောင်စီ၏ ဌာနဆိုင်ရာယန္တရား ရပ်ဆိုင်းသွားခြင်းဖြစ်ကြောင်း သိရသည်။

"မြို့ပေါ်မှာတော့ ဘဏ်တွေပိတ်တယ်။ မြို့ခံတချို့ ညောင်ဦး၊ တောင်ကြီးဘက် ရှောင်ကုန်ကြတယ်။ လက်တလောကတော့ စစ်ကောင်စီယန္တရား ရပ်ဆိုင်းသွားတဲ့သဘောပဲ။"ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

မြင်းခြံမြို့ရှိ စစ်ကောင်စီ၏ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များမှာလည်း ထွက်ပြေးနေကြပြီဟု ဆိုသည်။ 

တိုက်ပွဲမှာ တောင်သာနှင့် နွားထိုးကြီးမြို့တို့တွင်သာ ဖြစ်ပွားပြီး မြင်းခြံမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၂၀၂၄ ခုနှစ် သြဂုတ်လ (၁၃)ရက်နေ့ ညနေပိုင်းက မြင်းခြံမြို့အထွက်၌ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းသာရှိသည်ဟု သိရသည်။ 

"မြို့ခံတချို့တဝက် တိမ်းရှောင်သွားကြပါပြီ။ အခုရက်ပိုင်း Non CDM တွေ CDM ဝင်ဖို့ ဆက်သွယ်လာနေပါတယ်။"ဟု ၎င်းကဆက်ပြောသည်။ 

ယမန်နေ့ညပိုင်းက တောင်သာ-မြင်းခြံကြားကို စစ်ကောင်စီတပ်က Mi35 နှင့် ဗုံးကြဲသွားပြီး တောင်သူမြို့တိုက်ပွဲတွင် မြင်းခြံမြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်ခြင်းကြောင့် ဒေသခံတချို့ ဒဏ်ရာရသည်ဟုလည်း ဆိုသည်။ 

တော်လှန်ရေးတပ်များက မြင်းခြံခရိုင်အထူးစစ်ဆင်ရေးဟု ကြေညာထားပြီး တိုက်ခိုက်နေခြင်းကြောင့် နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံမြို့တို့တွင် စစ်ကောင်စီတပ်ဘက်က လေယာဥ်များပျံဝဲနေပြီး လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းများရှိသည် သိရသည်။ 

လက်ရှိတွင် စီးပွားရေးဘဏ်မှငွေများကို ပြီးခဲ့သည့်တစ်ပတ်က ညောင်ဦးမှတဆင့် မန္တလေးမြို့သို့ပို့ထားပြီး စီးပွားရေးဘဏ်မှ ရာထူးကြီးဝန်ထမ်းများကို မန္တလေးဘဏ်သို့ခေါ်ယူနေသည်ဟုလည်း သိရသည်။

ဓာတ်ဆီဆိုင်များလည်း ပိတ်ထားပြီး အချို့ဆိုင်မှာ ပန့်များဖြုတ်သိမ်းထားသည့်အခြေအနေဖြစ်သည်ဟုလည်း ဆိုသည်။

လက်ရှိတွင် မြင်းခြံခရိုင်အတွင်း Myingyan District Special Operation(MDSO) စစ်ဆင်ရေးကာလဖြစ်သဖြင့် မြင်းခြံခရိုင်အတွင်း မလိုအပ်ဘဲ ခရီးအသွားအလာမလုပ်ကြရန် တော်လှန်ရေးတပ်များက ထုတ်ပြန်ထားသည်။

#TachileikNewsAgency