စစ်အာဏာရှင်ကို ဆန့်ကျင်ကာ CDM ပြုလုပ်ထားသည့် ကျောင်းသားများအတွက် ဖွင့်လှစ်မည့် တအာင်းမြေတက္ကသိုလ် ပထမနှစ်သင်တန်းများအတွက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ကျောင်းအပ်စတင်လက်ခံတော့မည်ဖြစ်ကြောင်း တအာင်းအမျိုးသားပညာရေးကော်မတီ -TNEC က ကြေညာထားသည်။
၂၀၂၄ ခုနှစ်တွင် ဖွင့်လှစ်သွားမည့် တအာင်းမြေတက္ကသိုလ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက ကျင်းပခဲ့သည့် ၂၀၂၃ ခုနှစ် အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်စာမေးပွဲ အောင်မြင်ထားသူများ၊ စစ်အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ် အခြေခံပညာပြီးမြောက်ခဲ့သူများ တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
တအာင်းမြေတက္ကသိုလ်တွင် နေ့ကျောင်း(Day)ဖြင့် ဖွင့်လှစ်မည်ဖြစ်ပြီး စီးပွားရေးပညာ၊ ဒဿနိကဗေဒ၊ ရုက္ခဗေဒ၊ နိုင်ငံရေးသိပ္ပံနှင့် စိုက်ပျိုးမွေးမြူရေးဘာသာရပ်များ သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါတက္ကသိုလ်တွင် နိုင်ငံခြားပညာသင်ဆုအတွက် အချိန်ကာလ (၆)လ (သို့မဟုတ်) (၁)နှစ် လေ့ကျင့်ပေးမည့် အစီအစဉ်ပါဝင်သည့်အပြင် WOU (Wunzin Online University)နှင့် MNOU (Myanmar Nway-Oo Online University)တို့ဖြင့်လည်း ချိတ်ဆက်သင်ကြားနိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။
တအာင်းမြေတက္ကသိုလ်ကို ၂၀၂၄ခုနှစ်တွင် ဖွင့်လှစ်သွားမည်ဖြစ်သော်လည်း Online Teaching & Learning System ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၀)ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကာ တက္ကသိုလ်များမှ ဝါရင့် ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိကနှင့် နည်းပြများက သင်ကြားပို့ချပေးကြမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေအရ တအာင်းဒေသအတွင်း၌ CDM ပြုလုပ်ထားသည့် အဆင့်မြင့်ပညာ ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် တက္ကသိုလ်ပညာရပ်များကို ဆက်လက်သင်ယူနိုင်ရန်၊ Covid-19 ရောဂါကူးစက်ခြင်းနှင့် စစ်အာဏာသိမ်းခြင်းတို့ကြောင့် ၂၀၂၀ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ပညာရေးစာသင်နှစ် (၂)နှစ် လစ်ဟင်းခဲ့သူများ အဆင့်မြင့်ပညာ ဆက်လက်သင်ကြားနိုင်ရန် ရည်ရွယ်ကာ အဆိုပါတက္ကသိုလ်ကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်ပြီးမြောက်ပါက ဒီဂရီဘွဲ့၊ ဒီပလိုအောင်လက်မှတ်အသီးသီး ပေးအပ်သွားမည်ဖြစ်ပြီး Ta'ang National Education Committee-TNEC ၏ facebook Page နှင့် taangeducation.tnec@protonmail.com တို့တွင် ဆက်သွယ်မေးမြန်းနိုင်ကြမည်ဖြစ်သည်။
#TachileikNewsAgency
Photo: Ta'ang National Education Committee -TNEC
CDM ပြုလုပ်ထားသည့် ကျောင်းသားများအတွက် တအာင်းမြေတက္ကသိုလ် ဖွင့်လှစ်မည်
Featured News
ဧပြီ 24, 2025
ဧပြီ 23, 2025
ဧပြီ 14, 2025
ဧပြီ 10, 2025