တောင်သာမြို့နယ်ရှိ ပျူစောထီးကျေးရွာအား PDF ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းပြီး စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

တောင်သာမြို့နယ်ရှိ ပျူစောထီးကျေးရွာအား PDF ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းပြီး စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ ပျူစောထီးကျေးရွာအား PDF ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းပြီး စစ်သုံ့ပန်း (၄) ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း တောင်သာပကဖ TTA ပြောက်ကျားတပ်မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၈) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တောင်သာမြို့နယ် ကျွဲတလင်းရွာရှိ ပျူစောထီးများတပ်စွဲထားသည့် နေရာသို့ PDF ပူးပေါင်းတပ်ဖွဲ့များမှ ဇူလိုင်လ (၁၁) ရက်နေ့ နံနက် (၅) နာရီခန့်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး နံနက် (၇)နာရီ ခန့်တွင် သိမ်းပိုက်နိုင်ခဲ့ကာ နယ်မြေရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း ပျူစောထီး (၂)ဦး သေဆုံးပြီး ပျူစောထီးခေါင်းဆောင်အပါအဝင် (၄)ဦးအား အရှင်ဖမ်းဆီးနိုင်ခဲ့ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများမှာ M-1 ကာဘိုင် (၇)လက် ၊ ကိုးလုံး (၃)လက် ၊ ကာဘိုင်ကျည်နှင့် ကိုးလုံးကျည် (၅၀၀)ကျော် တို့ဖြစ်ပြီး ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းများအား စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း TTA ပြောက်ကျားတပ်ဖွဲ့မှ ဆိုသည်။

တိုက်ပွဲအတွင်း PDF ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိခဲ့ဘဲ နယ်မြေရှင်းလင်းမှုဆောင်ရွက်ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့ကြကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအား တောင်သာမြို့နယ်ပြည်သူ့ကွယ်ရေးတပ်ဖွဲ့ ၊ မိတ္ထီလာ ပကဖ ၊ တောင်သာ ပလဖ ၊ နေပြည်တော် ၈၀၁ တပ်ရင်းနှင့် ညောင်ဦးခရိုင်တပ်ရင်း (၁) တို့မှ ပူပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency